-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Tuesday, 13 January 2015

စိတ်ရှည်ပါ သူငယ်ချင်း
=============== 
ကောင်းလွန်းလို့ ဟို့ဘက်တောင် လွန်နေတယ်နော်.

တချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲ..အချို့သူတွေကချမ်းသာမြဲချမ်းသာ
ရခြင်းအကြောင်း 

ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…
သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…
အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…
ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်…

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်…နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ဝယ်လိုက်ရင်ကောင်းမယ်…
တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်… ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်… ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်…

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်… ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်…
နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်…

သူပြန်စဉ်းစားတယ်… ဒီတိုင်းဆို မဖြစ်တော့ဘူး… ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင်ကောင်းမယ်… ကြက် က ဥဥတာပိုမြန်တယ်… ကြက်ဥကနေ ၀င်ငွေ ချက်ချင်းရနိုင်တယ်… ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်…

သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်… ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး… ခက်ခဲလာပြန်ပြီ… နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်… ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်…

သူ ပြန်စဉ်းစားတယ်… ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာဘဲ ကောင်းပါတယ်… ဗိုက်ထဲ အရက်ဝင်သွားရင်… အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ…

နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်…
ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်…
နွားကလဲ မရှိတာကြာရော်ပေါ့… အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်…

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်…
သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်…

ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ်… အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်… ကြိုးလဲ ကြိုးစားခဲ့တယ်… ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်…

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်…
ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့… ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်… အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်… ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့…

စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်…
အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်…

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့…
အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်… အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်…

ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်… လမ်းကြောင်းကိုပြောင်းပစ်တယ်… အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီပါဘူး…


အဆင်ပြေကြပါစေဗျာ

နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း

၁ ။ ဆန္ဒနဲ့ သိက္ခာ ကို ရာခိုင်နှုန်း ညီမျှစွာ ရွေးချယ်ရသည့်အခါ
သိက္ခာကိုသာဦးစားပေးပါ

၂ ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ

၃ ။ လိုချင်တာနဲ့ လိုအပ်တာကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ

လတ်တလော သင့်အတွက် အဆင်မပြေလောက်ဘူးထင်ပေမယ့်
နောင်တစ်ချိန်မှာ နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ။

ဗူးထဲက ရေတစ်ဝက်
Eagle Breeze

ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို လူတစ်ယောက်က တွေ့တော့..
" ဟင် ရေကလည်း တစ်ဝက်ပဲကျန်တော့တယ်"တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ပဲ ကျန်ခြင်းအပေါ်မှာ မကျေမနပ်ဖြစ်တဲ့အမြင်ပါ။ သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ နှမျောတွန့်တိုခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်အပေါ်မှာ ရောင့်ရဲတင်းတိမ်ခြင်း မရှိတဲ့သဘောပါ။ 

ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို ဒုတိယလူတစ်ယောက်က တွေ့တော့...
" အို ရေက တစ်ဝက်တောင် ကျန်ပါသေးလား " တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ကျန်ခြင်းအပေါ်မှာ
ကျေနပ်နေတဲ့ အမြင်ပါ။
သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ သဘောထားကြီးခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်ပေါ်မှာ နှစ်သိမ့်ကျေနပ်ခြင်း ရှိတဲ့သဘောပါ။ 

ပထမလူရဲ့ အမြင်က လောကကြီးဆီက ဘာတစ်ခုမှ ကောင်းတာမရနိုင်ဘူးဆိုတဲ့ အနုတ်အမြင်ပါ။ ဒုတိယလူရဲ့ အမြင်ကတော့ လောကကြီးဟာ ဘယ်အချိန်မှာဖြစ်ဖြစ် နေပျော်စရာကောင်းသား ဆိုတဲ့ အပေါင်းအမြင်ပါပဲ။

မိတ်ဆွေရော ကြုံလာတဲ့ကိစ္စတိုင်းကို 
ဘယ်အမြင်နဲ့ အသက်ရှင်နေသလဲ။
လူ့ဘဝက တကယ့်ကို တိုတိုလေးပါ။
 အဆင်ပြေကြပါစေဗျာ
စာအုပ်မြို့တော်မှ