-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Tuesday, 2 August 2016

တရားတက်သော ယောဂီများနှင့် အရိယာဟု ယူဆရသောယောဂီများကို မိမိအထင်နှင့်မိမိ ဝေဖန်အပြစ်ပြောမိလျှင် မည်သည့် မကောင်းကျိုးများ ရရှိနိုင်ပါသလဲ


အမေးတော် အဖြေ(၂)
•••••••••••••••••
အမေး ။   ။ တရားတက်သော ယောဂီများနှင့် အရိယာဟု ယူဆရသောယောဂီများကို မိမိအထင်နှင့်မိမိ ဝေဖန်အပြစ်ပြောမိလျှင်
မည်သည့် မကောင်းကျိုးများ ရရှိနိုင်ပါသလဲ ဘုရား...။

ဆရာတော် အဖြေ ။   ။ ဒါကတော့ သတိ သိပ်ရှိသင့်ပါတယ်နော်။
တစ်ချိန်မှာ ရဟန္တာမထေရ်မြတ်ကြီးတစ်ပါးက လေနာရောဂါစွဲကပ်နေတဲ့အတွက် ဒီလေနာရောဂါ ငြိမ်းပြီးရပ်ဆဲသွားရေးအတွက် နံနက်စောစော ယာဂုဆွမ်းများ ဘုဉ်းပေးခဲ့ရမယ်ဆိုလျှင် ဒီလေနာရောဂါဟာ သက်သာသွားနိုင်တယ်လို့ သဘောပေါက်တဲ့အတွက် မနက်စောစော
သပိတ်ပိုက်ပြီးတော့ ရွာထဲကို ဆွမ်းခံဝင်ခဲ့ပါတယ်။ ခပ်စောစောဆွမ်းခံဝင်လာပြီဆို ဒါယကာ, ဒါယိကာမများကလည်းသိနေတဲ့အတွက် ၊
နားလည်နေကြတဲ့အတွက် ယာဂုဆွမ်းများကို လောင်းလှူပေးလေ့ရှိပါတယ်။

ထိုနေ့မှာကိုယ်တော်ငယ်လေးတစ်ပါးကလည်း ထိုရဟန္တာမထေရ်မြတ်ကြီးနဲ့ မလှမ်းမကမ်းက လိုက်လာပြီးသွားလိုက်တဲ့ အချိန်အခါမှာ
မထေရ်မြတ်ကြီး ယာဂုဆွမ်းကို အလှူခံပြီးနောက် ကိုယ်တော်ငယ်လေးကလည်း ထိုယာဂုဆွမ်းကို အလှူခံပါတယ်။ ဒီအချိန်မှာ ရဟန္တာမထေရ်မြတ်ကြီးက လေနာရောဂါဟာ အပြင်းအထန်နှိပ်စက်နေလေတော့ ၊ ဒီရောဂါ ငြိမ်းအေးရေးအတွက် ဘာလုပ်လိုက်သလဲ ?။
အဲ့ဒီအိမ်ရှေ့တစ်နေရာမှာ ပုံထားတဲ့ သစ်ပုံတွေရှိတယ် ၊ ဒီသစ်ပုံတွေပေါ် နေသီဒိုင်လေးခင်း ထိုင်ပြီးတော့ ရဟန္တာမထေရ်ကြီးက ယာဂုကိုဘုဉ်းပေးတော်မူတယ် ။ ဇွန်းလည်းပါမသွားဘူးနော်။ မပါတော့ဘာလုပ်သလဲ သပိတ်နဲ့ စောင်းသောက်တာဘဲ၊ အဲ့ဒါကို ငတ်ကြီးကြတယ်ဆိုပြီးတော့ ကိုယ်တော်ငယ်လေးက ကဲ့ရဲ့ပါတယ်။

" ဒီကိုယ်တော်ကြီးဒီလောက်တောင် ငတ်ကြီးကျလှချည်လား " ဒီစကားကို ရဟန္တာမထေရ်ကြီးကလည်း ကြားလိုက်ပါတယ်။ ကျောင်းရောက်သွားပြီးတဲ့ အချိန်အခါကြတော့၊ ကိုယ်တော်ငယ်ကို " အရှင်ဘုရား ..အရှင်ဘုရားဟာ သာသနာတော်မှာ ထောက်ရာတည်ရာ
တရားများ ရပြီးဖြစ်ပါသလားလို့  ရဟန္တာမထေရ်ကြီးက သူ့ကို သနားလို့မေးလိုက်ပါတယ်။ မေးလိုက်တော့ ကိုယ်တော်ငယ်လေးက
" တပည့်တော် သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်ထားတဲ့အထိ ရရှိထားပါတယ် " လို့ ဒီလိုဘဲ ပြန်လျောက်ထားလိုက်ပါတယ်။

အဲ့ဒီအခါမှာ ရဟန္တာမထေရ်မြတ်ကြီးက ဘာအမိန့်ရှိသလဲဆိုတော့ " ဒီလိုဆိုရင်တော့ အရှင်ဘုရားဆက်ပြီးတော့ တရားအားမထုတ်ပါနဲ့တော့
အားထုတ်လျှင်လည်း အရှင်ဘုရားတရားရတော့မှာ မဟုတ်ဘူး " ဆိုပြီး ဒီလိုပြောဆိုပြီး ကျောင်းပြန်ကြွသွားပါတယ်။ ဒီကိုယ်တော်လေး လိုက်လာလိမ့်မယ်ဆိုတာလည်း သိနေပါတယ်။ ဘာလုပ်သလဲ? ။

သူ့ကျောင်းထဲမှာ တံခါးစေ့ထားပြီးတော့ ထိုင်ပြီး ဈာန်အဘိညာဉ်တွေ ဝင်စားပြီး မျက်နှာချပ်နဲ့ ခေါင်းနဲ့ထိနေအောင် ကောင်းကင်မှာ တင်ပျဉ်ခွေ ထိုင်နေပါပြီး တရားဘာဝနာရှုပွား နေပါတယ်။ ဟိုကိုယ်တော်လေးကလည်း သတိသံဝေဂရပြီးတော့ ငါပြစ်မှားမိတာနဲ့ တူတယ်ဆိုပြီး
သွားကန်တော့မှ ဖြစ်တော့မယ်ဆိုပြီး နေသီဒိုင်လေးယူပြီးတော့ မထေရ်မြတ်ကြီးရဲ့ ကျောင်းတွင်သို့ ဝင်လိုက်တဲ့ အခါ မထေရ်မြတ်ကြီး
မျက်နှာချပ်ကိုခေါင်းနဲ့ထိပြီးထိုင်တရားအားထုတ်နေတာကို တွေ့လိုက်တော့ ထိုင်ပြီးကုန်းဦးချကာ ဝန်ချတောင်းပန်တယ်တဲ့ ။ အဲ့ဒီလို ဝန်ချတောင်းပန်မှ အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိနိုင်ပါတယ်။

သို့သော် ဒီအရိယူဝါဒကံတွေဟာ သေခါနီးကာလမှာလည်း အကျိုးပေးတတ်တဲ့ သဘောတော့ရှိပါတယ်။ ဒါကြောင့်မိမိက ပုထုဇဉ်ဖြစ်ခဲ့မယ်
ဆိုရင်တော့ သူတစ်ပါးသည် အရိယာဖြစ်သည်ဖြစ်စေ , အရိယာမဖြစ်သည်ဖြစ်စေ မကဲ့ရဲ့တာ မပြစ်မှားတာ အကောင်းဆုံးသာဖြစ်ပါတယ်။

" ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma https://www.facebook.com/Bhikkhu.BuddhaDhamma/ http://bhikkhudhamma.blogspot.com/
kuantan min yar zar