-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Monday, 2 November 2015

ဥတုဖောက်ပြန်ခြင်းဆိုင်ရာ ကျွန်ုပ်ယူဆချက်များ

ယနေ့ခေတ် ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝဘေးဆိုးများ ကြုံတွေ့ရမှု အကြိမ်အရေအတွက် စိပ်လာခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ယခုကဲ့သို့ ဖြစ်ရခြင်းအကြောင်းရင်များကို ပြန်လှန်သုံးသပ်ရသော် ဥတုရာသီ တောကိုမှီ ဆိုသည့်စကားအတိုင်း သစ်တောသစ်ပင်များ ပြုန်းတီးခြင်းသည် အဓိက တရားခံဖြစ်လေသည်။
သုတေသီတို့၏ တိုင်းတာချက်အရ ၁စက္ကန့်တိုင်းမှာ သစ်တောဧရိယာသည် ဘောလုံးကွင်းတကွင်းစာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေသည်ဟု ဆိုသည်။

လူတို့၏ မြို့နေ ဧရိယာများ တိုးချဲ့လာ၍၎င်း၊

ကားလမ်း၊ ရထားလမ်းစသည့်တို့ ဖောက်လုပ်ခြင်းကြောင့်၎င်း၊

မြို့စွန်များတွင် စက်မှုဇုန်ဧရိယာများ တိုးချဲ့လာ၍၎င်း၊

မြစ်ချောင်း၊ အင်းအိုင်များ တိန်ကောလာ၍ ၎င်းတို့ကို မှီတည်နေသော ရေနေသစ်တောများ ပျက်စီးလာ၍၎င်း၊ (ရေဓာတ်ထိန်း သစ်တောများ ပြုန်းတီးလာ၍ မြေအောက်ရေ၊ မြေပေါ်ရေ ဆုံးရှုံးမှုကြောင့်လည်း မြစ်ချောင်းအင်းအိုင်များ တိန်ကော၍လာသည်။ ထိုနှစ်ခုသည် အပြန်အလှန် ဆက်စပ်နေလေသည်။)

မြို့ဧရိယာများတွင် မြေအောက်ရေ အလွန်အကျွံသုံးစွဲလာမှုတို့ကြောင့် မြေအောက်ရေများ ခမ်းခြောက်လာကာ မြေပေါ်မြေအောက် ဆက်နွယ်နေရာမှ ရေအရင်းအမြစ်များ လျော့နည်းလာပြီး ဥတုများကို ဖောက်ပြန်စေသည်ကြောင့်၎င်း

လူတို့ မဆင်မခြင် ထုတ်လွှတ်သော စက်ရုံများ စွန့်ပစ်ပစ္စည်းများနှင့် ဓာတ်ငွေ့များသည် ရေထု၊ လေထု၊ မြေထုများကို ညစ်ညမ်းစေကာ တနည်းအာဖြင့် မှီတည်ဆက်စပ်နေသော ၀န်းကျင်၏ဥတုကို ထိခိုက်ပျက်စီးစေသည်ကြောင့်၎င်း

စိုက်ပျိုးရေးတွင် မဆင်မခြင် သုံးစွဲလာသော ဓာတုနည်းစနစ်များကြောင့် ပျက်စီးလာသော မြေဆီလွှာနှင့်အတူ အဆင့်ဆင့် Up-grade ဖြစ်လာသော ပိုးမွှားရောဂါများကြောင့် အပင်များ ထိခိုက်ရာမှ ဂေဟစနစ်ပါ ပျက်စီးခြင်းသည်၎င်း

လူတို့၏ မဆင်မခြင် အမှိုက်များစွန့်ပစ်ခြင်း၊ သစ်တောများခုတ်၍ အစားထိုး ပြန်မစိုက်ခြင်း၊ မလိုအပ်ဘဲ ဆည်များတည်ဆောက်ခြင်းကြောင်း မြစ်ချောင်းများ ရေစီးမူမမှန်တော့ခြင်း၊ မြစ်ချောင်းတွေ့သမျှ တံတားထိုး၍ ရေစီးများ ဖောက်ပြန်ခြင်း၊ မြစ်ချောင်းအင်းအိုင်များ၌ ငါးဖမ်းခြင်းဆိုင်ရာစည်းစနစ်တကျမရှိခြင်းတို့ကြောင့် တိမ်ကောခြင်း၊ တောတောင်များကို ကျောက် သတ္တုရှာဖွေရေး၊ စသည့်လုပ်ငန်းများဖြင့် ဖုံးလွှမ်း ပျက်စီးခြင်း၊ တောတောင်သဘာဝအလှတရား များကို ထိန်းသိမ်းတတ်သည့် အစဉ်အလာကောင်းများ မရှိခြင်း၊ နေ့စဉ် ရွှေဥတလုံးဥပေးနေသည်ကို ၀မ်းဗိုက်ခွဲ၍ အထဲ၌ ရွှေဥရှာလေရာ ရွှေဥလဲမရ ရွှေငန်းလဲဆုံးရှုံးနေရသည့် အဖြစ်စနစ်ကဲ့သို့ သဘာဝတရားမှ အဖိုးတန်အရာများကို အချိန်ကာလတိုအတွင်းမှာ များစွာပျက်စီးဆုံးရှုံးစေခြင်း စသည့် မိုက်မဲသောလူသားများ၏ အဖြစ်စနစ်တို့ကြောင့် ကမ္ဘာကြီး နာမကျန်းရာမှ နိဂုံးချုပ် နိဌိတံတော့မည့် အခြေအနေသို့ ရောက်နေခြင်း၎င်း
လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ၀ါဒကို အလွန်အမင်းအားကိုးခြင်းကြောင့် ၎င်းတို့ ဖြစ်ထွန်းတိုးတက်အောင်မြင်သည်ဟု ယူဆသော ယခုခေတ်အခြေအနေအရ ထိုအရာများနှင့် အစားထိုးလဲလှယ်ခံလိုက်ရသော အဖိုးတန် သယံဇာတ အမွေးအနှစ်များအပြင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မပြည့်ဝမှုများ တိုးတက်များပြားလာသည်ကို သတိမမူလျက်ရှိကြ၍၎င်း

မြတ်စွာဘုရားလက်ထက်က ဝေဒအတတ် တဖက်ကမ်းခတ်တတ်သော နက္ခတ်ဗေဒင်ဆရာက ရာသီဥတုတို့ ဖောက်ပြန်ခြင်းမှာ ဂြိုဟ်သွားနက္ခတ်တို့ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု မြတ်စွာဘုရားအား လျှောက်ထားရာ ဘုရားက ဒါဆို ဂြိုဟ်နက္ခတ်များ ဘာကြောင့်မူမမှန်သနည်း ပြန်မေးသောအခါ ပုဏ္ဏားခမျာ မဖြေနိုင်ရှာပါ။ ထိုအခါမှ ဘုရားက လူတို့၏ လောဘ၊ ဒေါသ၊ မောဟ အပူမီးများကြောင့် ဖောက်ပြန်ရခြင်းဖြစ်သည်ဟု ဖြေတော်မူလေသည်။

ယခုလဲ အထက်ဖော်ပြပါ ဖြစ်ရပ်များကို ခြုံငုံသုံးသပ်ကြည့်ပါက လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ များဖြင့် မဆင်မခြင် ပြုလုပ်ရာမှ မိမိနေထိုင်သည့်ကမ္ဘာကို ဖျက်စီးနေခြင်းဖြစ်သည်ကို တွေ့နိုင်လေသည်။
ထိုအကြောင်းအရာများကို ကျွန်ုပ်၏ အတွေးတခုဖြင့် ရုပ်လုံးဖော်ကြည့်ရလျှင်-
မြန်မာပြည်၏ ဒေသတချို့တွင် မိုးခေါင်သောအခါ၌ ရှေးထုံးတမ်းစဉ်လာအရ လွန်ဆွဲခြင်း၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်၍ မိုးရွာစေခြင်းကို ပြုလုပ်ကြသည်။

မိုးခေါင်ခြင်းသည် သိပ္ပံနည်းအရ ထိုဒေသ၌ မိုးရွာနိုင်လောက်သည့် ရေခိုးရေငွေ့များ မစုစည်းမိခြင်းပင်။ အယ်နီညိုခေါ် သမုဒ္ဒရာ ရေနွေးစီးကြောင်းများ ပြောင်းလဲမှုကြောင့်လဲ ၎င်းသက်ရောက်သော ဒေသများတွင်း အပူလှိုင်းများဖြတ်ကာ လပေါင်းများစွာကြာရှည်ကာ မိုးခေါင်စေခြင်း၊ ဆန့်ကျင်ဘက်ဒေသများ၌ မုန်တိုင်းများ ပုံမှန်ထက်ဖြစ်ပြီး မိုးများသည်းထန်စေခြင်းတို့ ဖြစ်ပေါ်စေသည်။

ထိုသို့ဆိုလျှင် အထက်ပါဖြစ်ရပ်တို့ကို ခြုံငုံသုံးသပ်ရသော် မြတ်စွာဘုရားအမိန့်ရှိသည်နှင့်အညီ၊ တဖက်မှလဲ ဖြစ်ပျက်ခဲ့သော သမိုင်းအထောက်အထားများအရ လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ အပူများကြောင့် ရာသီဥတုကို ဖောက်ပြန်စေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။

အနည်းငယ် ရှင်းပေအုံးအံ့။ ယခုစာဖတ်နေသူသည် ဒေါသထွက်ဖူးခဲ့ပေမည်။ ဒေါသထွက်သောအခါ နှလုံးသည် ပုံမှန်ထက် ခုန်ပြီး နှလုံးသွေးတို့ကို ပွက်ပွက်ဆူစေသည်။ လူသည် ထိုဆူသောသွေးပူများ လှုပ်ရှားလှည့်ပတ်မှုကြောင့် နီရဲလာပြီး ခန္ဓာကိုယ်အပူချိန်မှာလဲ ပုံမှန်ထက်ပူလာမည်ဖြစ်သည်။ ၎င်းဖြစ်ရပ်ကို စဉ်းစားတွေးခေါ်ကြည့်လျှင် စိတ်သည် တခဏအတွင်း ခန္ဓာကိုယ်တခုလုံးကို ဟုန်းဟုန်းတောက်ပူလောင်စေသည်။ ထိုအပြုအမူကို တိုက်ရိုက်ခံရသောသူ တနည်း ဒေါသအဖြစ်ခံရသောသူသည်လည်း အပြန်အလှန် သက်ရောက်မှုကို ခံရလေသည်။ ၎င်းဖြစ်ရပ်ကို ကြည့်ရှုနေသူ ပရိသတ်အပေါင်းတို့ သက်ရောက်မှုတွင် ပါဝင်လာကြပြီး ၎င်းတို့၏ နှလုံးသွေးတို့သည် လည်း ပွက်ပွက်ဆူကြပြန်သည်။ ထိုသတင်းကို ကြားသိရသော ရပ်နီးရပ်ဝေးမှ သက်ဆိုင်သူ အချို့၏ နှလုံးသွေးတို့သည်လည်း သတင်းကြားသိရခြင်းပင် ပွက်ပွက်ဆူကြပေမည်။ ထိုဂယက်ရိုက်ခတ်မှုသည် လူ၁ဦး၁ယောက်မှ စတင်ခဲ့ပြီး တပြည်လုံးအတိုင်းအတာအထိ သက်ရောက်မှုရှိတတ်လေသည်။ ထို့ကြောင့် အင်မတန် သတိပြုစရာပင်။ ယခုကဲ့သို့သော ဂလိုဘယ်ခေတ်ကြီးတွင် သတင်းဟူသမျှ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တခဏချင်း ပျံ့နှံ့စေတတ်သည့် သဘောရှိသောကြောင့် နိုင်ငံနှင့်ချီ၍ မကဘဲ ကမ္ဘာနှင့်ပါ ချီ၍ပျံ့နှံ့တတ်လေသည်။ ထို့ကြောင့် ဒေသတွင်းတခုလုံး၊ နိုင်ငံတနိုင်ငံလုံး၊ တကမ္ဘာလုံး ကိုယ်စီကိုယ်စီ အပူမီးများ တန်ခိုးထွားလာကြလေသည်။ ၎င်းအပူမီးများသည် ခန္ဓာကိုယ်တွင်း တွင်သာမက ၀န်းကျင်တခုလုံးကိုပါ ဂယက်ရိုက်နိုင်စွမ်းရှိလေသည်။ ထိုနည်းအားဖြင့် အယ်နီညိုသာမက ဒီထက်ဆိုးပေ့ဟူသော ရာသီဥတုဖောက်ပြန်မှုများသည် ဖြစ်ကောင်းဖြစ်လာနိုင်လေသည်။ ဖြစ်လည်းဖြစ်ခဲ့ပေသည်။ ဖြစ်လည်းဖြစ်နေလေတော့သည်။

အထက်ပါစာပိုဒ်သည် အပိုရေးသည်မဟုတ် သာဓကအားဖြင့် မိတ္ထီလာရွှေဆိုင်ကိစ္စ၊ လက်ပတောင်းကိစ္စ၊ ရခိုင်အရေး၊ စသည့်ဖြစ်ရပ်တို့ဖြင့် ချိန်ထိုးကြည့်ပါလေ။

ထို့ကြောင့် ရှေးရိုးစဉ်လာအရ မိုးခေါင်သောဒေသ၌ ပျော်ပွဲရွှင်ပွဲ လွန်ဆွဲပွဲများ ကျင်းပရခြင်းသည် ထိုဒေသရှိ လူတို့၏ တဦးအပေါ်တဦး ထားရှိသည့် အမုန်းတရားများ ပြေပျောက်စေခြင်းအလို့ငှာ၎င်း၊ လူတို့၏ ပူပန်သောကကြောင့် ပွက်ပွက်ဆူနေသော နှလုံးသွေးတို့ တဒင်္ဂအေးမြစေခြင်းအလို့ငှာ၎င်း၊ စသောရည်ရွယ်ချက်ကောင်းများဖြင့် ၎င်းတို့ဒေသ ပူပန်မှုတွေ ပပျောက် ပျော်ရွှင်သာယာသော စိတ်ဓာတ်၊ ယုံကြည်မှုတွေတဖန်မွေးဖွားရင်း ဥတုကို ပြောင်းလဲပြစ်နိုင်လေခြင်းဖြစ်သည်ဟု တထစ်ချ သုံးသပ်မိပါတော့သည်။

ထို မပြောပလောက်သော ပျော်ပွဲရွှင်ပွဲများဖြင့် စိတ်ချမ်းသာစေရာမှ ဥတုကို ပြောင်းလဲနိုင်လျှင် လောဘ၊ ဒေါသ မောဟ အပူမီးများကို တဒင်္ဂများမှ ထာဝရ ပယ်သတ်နိုင်ပါလျှင်ကား ဥတုဝန်းကျင်သာယာယုံတင်မက ကမ္ဘာလောကတခုလုံး ကောင်းကျိုးမင်္ဂလာ အဖြာဖြာ ပြည့်စုံလာပေလိမ့်မည် ဖြစ်ကြောင်း ထပ်လောင်းအာမခံလိုက်ပေသည်။

ထို့ကြောင့် အများကောင်းကျိုး၊ လောကကောင်းကျိုးကို လိုးလားသော တရားချစ်ခင် လူပရိသတ်တို့ အနေဖြင့် တပါးသူကြောင့်လဲ မိမိနှလုံးသွေးတွေ မဆူမပူ၊ မိမိကြောင့်လဲ တပါးသူတို့ နှလုံးသွေးတွေ မဆူမပူ၊ ပြဿနာဖြစ်ရပ်များကို ယောနိသော မနဿီကာရ အသင့်အတင် ဟုတ်တိုင်းမှန်စွာ နှလုံးသွင်း ဖြေရှင်းနိုင်ကြပါစေလို့ မေတ္တာရှေ့ထား စေတနာဖြင့် သတိပေးလိုက်ရပါသည်ခင်ဗျား။။