=================================================
မော်လမြိုင်၊ ၄ မေ ၂၀၁၆
မြန်မာ့ပထမဆုံး ကိုယ်ကာယအလှဖော်ထုတ်သူ နဲ့ အလေးမသူ ဒေါက်တာ ဝေါလ်တာချစ်ထွန်း ကို ၁၈၉၈ခုနှစ် မော်လမြိုင်မြို့မှာဆရာဝန်ကြီးဦးချစ်ထွန်းနဲ့
ဒေါ်သိန်းငွေတို့ က မွေးဖွားခဲ့ပါတယ်။
မွန်တိုင်းရင်းသား ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန်မြို့၊ စိန်ပေါကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားရင်း လူထုအခွင့်အရေးအတွက် အစိုးရကို ဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပါတယ်။
ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန် တက္ကသိုလ်က ဘီအက်စ်စီ အောင်ပြီးတဲ့အခါ အိန္ဒိယနိုင်ငံ ကာလကတ္တား ဆေးတက္ကသိုလ်မှာ အစိုးရအထောက်အပံ့နဲ့ ဆရာဝန်ပညာကို သွားရောက် သင်ကြားခဲ့ပါတယ်။ ကာလကတ္တားဆေး တက္ကသိုလ်က ဆေးပညာဘွဲ့ရပြီးတဲ့နောက် ရန်ကုန်စိတ်ကျန်းမာရေးဆေး ရုံကြီး (တံတားလေး)မှာ အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ အကူအညီမဲ့သူတွေအတွက် ဆေးရုံဖွင့်ပြီးစောင့်ရှောက်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူမသေခင် သူ့စိတ်ကူးကို အကောင်အထည်ဖော် ခွင့်မရခဲ့ပါဘူး။ကာလကတ္တားဆေးတက္ကသိုလ်ကျောင်းသားဘဝမှာ အင်္ဂလိပ် ဇာတ်ကားထဲက ကာယဗလသမားလူသန်ကြီး “မက်ဆစ်” ကို အားကျပြီးအလေးမလေ့ကျင့်ခဲ့တာပါ။ ဆန္ဒပြင်းပြင်း၊ ဇွဲသန်သန်နဲ့ မှန်မှန်လေ့ကျင့်ခဲ့တာကြောင့် ကိုယ်ခန္ဓာ သန်စွမ်းပြီး အချိုးအစားကျနပြေပြစ် လှပလာခဲ့ပါတယ်။ ၁၉၁၇ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်ကောလိပ်ကျောင်း စစ်ရန်ပုံငွေအလှူပွဲမှာ သူ့ရဲ့ ပထမဆုံး ကိုယ်ကာယ အလှကိုတက်ရောက်ပြသခဲ့ပါတယ်။ သူ့ရဲ့ကြွက်သားတွေကို အမျိုးမျိုးလှုပ်ရှားပြသခဲ့ပြီး ဒီလိုကိုယ်ကာယအလှပြခြင်း နဲ့ ကြွက်သားလှုပ်ရှားပြတာတွေဟာ မြန်မာလူမျိုး အနေနဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဝေါလ်တာချစ်ထွန်းဟာ အိန္ဒိယမှာ နေထိုင်ခဲ့စဉ်က ကာယဗလပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ပြသခဲ့ပြီး ကမ္ဘာ့ စံချိန်ကိုလည်းကောင်း၊ အင်္ဂလန်စံချိန် ကိုလည်းကောင်း၊ ဘင်္ဂလားစံချိန်ကို လည်းကောင်းချိုးနိုင်ခဲ့ပါတယ်။သူ့ရဲ့ ကိုယ်ကာယအလှဟာ အိန္ဒိယနိုင်ငံသာမက ကမ္ဘာကပါ ချီးကျူးခဲ့ကြရပါတယ်။ ၁၉၃၆ခုနှစ်မှာ အသက် ၃၇နှစ် အရွယ် ဒေါက်တာဝေါလ်တာချစ်ထွန်းရဲ့ ကိုယ်ကာယအချိုးအစားအတိုင်းအတာတွေကတော့ အရပ် ၅ပေ ၁ဝလက်မ၊ အလေးချိန် (၁၂ စတုံခွဲမှ ၁၃ စတုံ)၊ လက်မောင်း ၁၇လက်မ၊ လက်ဖျံ ၁၄ လက်မ၊ လည်ပင်း ၁၆လက်မခွဲ၊ ရင်ဘတ် (ရိုးရိုး) ၄၅ လက်မ၊ ရင်ဘတ် (အားပြုထားလျက်) ၄၈လက်မခွဲ၊ပေါင်၂၅လက်မ၊သလုံးသား ၁၆လက်မ၊ ခါး ၃၂လက်မတို့ အသီးသီးရှိပါတယ်။
ဒေါက်တာ ဝေါလ်တာချစ်ထွန်း အိန္ဒိယမှာ နေထိုင်ခဲ့စဉ်တုန်းကရေးသားခဲ့တဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းကို တွဲပြီးလေ့ကျင့်ရတဲ့ Barbell လေ့ကျင့်ခန်းဟာ အိန္ဒိယနိုင်ငံ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရဲ့ အသွင်အပြင်အဖြစ်တင် စားခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဝေါလ်တာချစ်ထွန်းရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ၁၉၃၆ခုနှစ်၊ ဇူလိုင် လ ၄ ရက်နေ့ထုတ် သူရိယသတင်းစာ ၂၅နှစ် မြောက် အထူးထုတ်မှာလဲ ” ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသော ကာယဗလဆရာဝန် ဦးချစ်ထွန်း” လို့ ခေါင်းစဉ်တပ်ကာဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ချီးကျူး ဖော်ပြခံခဲ့ရပါတယ်။ ဦးချစ်ထွန်းရဲ့ အံ့ဖွယ်ပြကွက်တစ်ခုကတော့ ပက်လက်လှန်ကာ ခြေ နှစ်ဖက်၊ လက် နှစ်ဖက် မြှောက်ထားပြီး ပေါင် ၆ဝလေးတဲ့ သံပြားကြီးကို ခြေ နှစ်ဖက်၊လက်နှစ်ဖက်ပေါ်မှာ တင်ထားပြီး ပေါင် ၁၂ဝလေးတဲ့ လူတစ်ယောက်ကို အဲဒီသံပြားကြီးပေါ်မှာ တက်ထိုင်ခိုင်းတဲ့ အကွက်ပါ။
“သူ၏ကိုယ်ကာယအလှမှာ ဂရိလူမျိုးများထုထားသော ကျောက်ရုပ်နှင့်တူလှပေ၏။ ထိုသို့ ကျောက်ရုပ်သဏ္ဌာန် လှပသူကားအသူနည်း။ ကာလကတ္တား ဆေးသိပ္ပံကျောင်း တွင် ပညာသင်ကြားနေသော မြန်မာလူမျိုးမစ္စတာချစ်ထွန်းပင်ဖြစ်ပေသည်” ဆိုပြီးတော့လဲ ၁၉၂၂ခုနှစ်၊ သြဂုတ်လ ကာလကတ္တားမြို့ထုတ် English Men အမည်ရှိ သတင်းစာ မှာ မြန်မာအမျိုးသား ဒေါက်တာဝေါလ်တာ ချစ်ထွန်းကို ကိုယ်ကာယအလှနဲ့ ပတ်သက်ပြီး ချီးကျူးရေးသားခဲ့ကြပါသေးတယ်။
ဒေါက်တာဝေါလ်တာချစ်ထွန်းဟာ ကိုယ်ကာယအလှပြသူ တစ်ယောက်အနေနဲ့တင် အောင်မြင်ခဲ့တာတော့လဲ မဟုတ်ပါဘူး။ သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။
၁၉၂၄ခုနှစ်မှာ အသစ်တည်ထောင်တဲ့ ဗန္ဓုလရုပ်ရှင်လုပ်ငန်းကရိုက်ကူးခဲ့တဲ့ ပန်းပဲမောင် တင့်တယ် ဇာတ်ကားမှာလည်း ဒေါက်တာ ဝေါလ်တာ ချစ် ထွန်းကို မောင်တင့်တယ် အဖြစ် ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာဝေါလ်တာချစ်ထွန်းကို မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခေတ်ပညာတတ်ဆရာဝန်တစ်ဦးအဖြစ်လဲ မှတ်တမ်းတင်နိုင်ပါသေးတယ်။
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ပထမဆုံး ၁၈ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၄၉ နှစ် အရွယ် ဒေါက်တာဝေါလ်တာချစ်ထွန်းဟာ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်တဲ့ ဗြိတိသျှသူ Barbara Margaret King နဲ့ သားသမီးတွေ ကျန်ရစ်ခဲ့ပါတယ်။
Mawlamyine Daily
ကိုးကား- မင်းယုဝေ ရဲ့ ပထမမြန်မာများ
-မြန်မာ့စွယ်စုံကျမ်း (၂)
-The History of Physical Culture in India
- Origins Define a Future
Kuantan Min Yar Zar