ဗုဒ္ဓသာသနာ ကွယ်စေသောအကြောင်း
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
တလောက ဘန်ကောက်မြို့ Assumption University တက္ကသိုလ်မှာ ရွှေစင်တိပိဋကဓရ တိပိဋကကောဝိဒ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ ကြွရောက်ချီးမြှင့်တဲ့ တရားပွဲမှာ ဗုဒ္ဓသာသနာကွယ်စေတဲ့ အကြောင်းနဲ့ပတ်သက်လို့ မှတ်သားလိုက်နာစရာတွေကို မျှဝေလိုတဲ့ဆန္ဒကြောင့် ဒီဆောင်းပါးလေးရေးဖြစ်ခဲ့ပါတယ်။
ဆရာတော် အဓိကဟောကြားသွားတဲ့ တရားက ဗုဒ္ဓဘာသာ ဂိုဏ်း (၃)မျိုး အကြောင်း ဖြစ်ပါတယ်။ ထေရ၀ါဒ၊ မဟာယာန နဲ့ ၀ဇိကယာန(၀ိဇ္ဇာယာန)တို့ပဲ ဖြစ်ပါတယ်။
ထေရ၀ါဒဆိုတာ မြတ်စွာဘုရားရဲ့ တပည့်များဖြစ်ကြတဲ့ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါတို့ မူချခဲ့တဲ့အတိုင်း ကျင့်တဲ့ ဘာသာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ၇-လ အကြာမှာ သင်္ဂါယနာ ကျင်းပခဲ့ပါတယ်။ (သင်္ဂါယနာ ‘သံဂီတိ’ ဆိုတာ ဗုဒ္ဓမြတ်စွာဘုရား ၄၅-၀ါ ကာလအတွင်း ဟောကြားတော်မူတဲ့ တရားတော်များကို မှန်ကန်အောင် စစ်ဆေးခြင်းနဲ့ စစ်ဆေးပြီးသား တရားတော်များကို အားလုံး သဘောတူအတည်ပြု စုပေါင်းရွတ်ဆိုခြင်းလို့ အဓိပ္ပာယ်ရပါတယ်။) မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကို မျိုးတူရာတွေ ပေါင်းစုပြီး အုပ်စု ၃-ခု ခွဲခဲ့ပါတယ်။
ဥပဒေ၊ စည်းကမ်းပိုင်းကို ၀ိနည်း၊ လိုက်နာကျင့်ဖွယ်ရာတွေကို သုတ္တန်၊ သဘောတရားပိုင်းကို အဘိဓမ္မာ ဆိုပြီး ပိဋက၃-ပုံ ဖြစ်လာပါတယ်။ အဲဒီတရားတော်တွေကို ပြင်လည်းမပြင်၊ ထပ်လည်းမထည့်၊ ထုတ်လည်းမထုတ်၊ မူရင်းအတိုင်း ဆက်လက် ထိန်းသိမ်းကြဖို့ ရဟန္တာ (၅၀၀)က ပထမသင်္ဂါယနာမှာ အတည်ပြုခဲ့ကြပါတယ်။ သင်္ဂါယနာတင်တာ ခြောက်ကြိမ် ရှိပါပြီ။
ထေရ၀ါဒဟာ မြတ်စွာဘုရားရဲ့ တရားတော်စစ်စစ်တွေကို လိုက်နာကျင့်သုံးတဲ့ဝါဒ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာကြတဲ့ နိုင်ငံတကာပညာရှင်တိုင်းက ထေရ၀ါဒကို ဘုရားဟောတရား အစစ်အမှန်အဖြစ် မူရင်းအတိုင်း လက်ခံကြပါတယ်။ ပိဋကသုံးပုံရဲ့ ထပ်ဆင့်အဖွင့်တွေကို ခေတ်ကာလတွေ ပြောင်းလဲလာပြီး နှစ် (၁၀၀)၊ နှစ်(၂၀၀) ကျော်လာတဲ့အခါ အသုံးအနှုန်းတွေက ကွဲပြားလာပါတယ်။ အသုံးအနှုန်းတွေက ရှေးသုံးတွေဖြစ်နေလို့ အဓိပ္ပာယ်ထပ်ဖွင့်တာတွေရှိပါတယ်။ အဲဒါတွေကိုတော့ အဋ္ဌကထာ(Commentry)လို့ ခေါ်ပါတယ်။ နောက်ပိုင်း သီဟိုဠ်ခေတ်မှာ အဓိပ္ပာယ်ထပ်ဖွင့်တာတွေကိုတော့ (Sub-Commentry)ဋီကာလို့ ခေါ်ပါတယ်။ အဲဒါတွေကိုတော့ ဘုရားဟော မဟုတ်ဘူးလို့ လက်ခံကြပါတယ်။ ပိဋကသုံးပုံထဲ မရောပါဘူး။ ပိဋကသုံးပုံရဲ့ အဖွင့်အနေနဲ့ သီးသန့်ထားပါတယ်။
မဟာယာနက ပြုပြင်ပြောင်းလဲရေးဗုဒ္ဓဘာသာဖြစ်ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်(၁၀၀)ကြာတဲ့အခါမှာ ထေရ၀ါဒကို ပြုပြင်ပြောင်းလဲလိုတဲ့အဖွဲ့က ခေတ်နဲ့မလျော်ညီဘူး ဆိုပြီး ပြင်ဆင်ပြောင်းလဲမှုတွေ စခဲ့ပါတယ်။ ဒုတိယသင်္ဂါယနာတင်တဲ့အချိန်မှာ ထေရ၀ါဒသံဃာ အပါး (၇၀၀)၊ မဟာယနဂိုဏ်းက သံဃာအပါး (၁၀၀၀)နဲ့ စင်ပြိုင် သင်္ဂါယနာတင်ပါတယ်။ သူတို့သံဃာက ပိုများလို့ မဟာသံဃိကဂိုဏ်းဆိုပြီး ဖြစ်လာပါတယ်။ မဟာယာနသီးသန့်ဂိုဏ်းအဖြစ် ပေါ်ပေါက်လာတာက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၈၀၀) အကြာမှာ ဖြစ်ပါတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံတွေမှာ မဟာယာနကို ကိုးကွယ်ပါတယ်။ သူတို့က ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတွေကို ရေနှောပစ်ပါတယ်။ မလိုက်နာနိုင်တဲ့ စည်းကမ်းတွေကို ပြင်တယ်။ လိုက်နာနိုင်တာတွေထပ်ထည့်တယ်။ အသိသာအထင်ရှားဆုံးက ၀ိကာလဘောဇနာ၊ သုရာမေရယတို့ကို ဖြုတ်ပစ်ကြတယ်။ နေ့လွဲ ညစာ စားလို့ရတယ်။ အရက်သေစာ သောက်စားလို့ရတယ်(wine သောက်လို့ရတယ်။) တချို့ဂိုဏ်းတွေဆို အိမ်ထောင်ပြုလို့ရတယ်။ ဒါပေမယ့် အသက်သတ်လွတ်စားရတဲ့ စည်ကမ်းကိုထည့်တယ်။ တကယ်တော့ အသက်သတ်လွတ်စားခြင်းကို ရှင်ဒေ၀ဒတ်က သံဃာတွေ သင်းကွဲအောင် ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရားထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ခွင့်မပြုခဲ့ပါဘူး။ မြတ်စွာဘုရားက ကိုယ်စားဖို့ရည်ရွယ်ပြီး သတ်တာမဟုတ်ရင်၊ ကိုယ်စားဖို့ ရည်ရွယ်ပြီး သတ်တာလို့ သံသယမဖြစ်ရင်၊ သတ်နေတာကို မမြင်, မကြားရင် ပံ့သကူသားကို စားခွင့်ပြုခဲ့ပါတယ်။
မဟာယာနဂိုဏ်း ပေါ်ပေါက်လာပြီး နှစ်ပေါင်း (၄၀၀)ကြာတဲ့အခါမှာ မဟာယာနဂိုဏ်းကနေ နောက်ထပ်ကွဲသွားတဲ့ ဂိုဏ်းက ၀ဇိကယာန။ ၀ိဇ္ဇာယာန၊ တန္တရာယာန၊ မန္တရာယာန လို့လည်း ခေါ်ပါတယ်။ အဲဒါက တိဘက် ဗုဒ္ဓဘာသာလို့ လူသိများပါတယ်။ ဘုရားပိဋကတ်တွေကို ဂါထာ၊ မန္တရားတွေအဖြစ် ရွတ်ဖတ်ပူဇော်ရင် တန်ခိုး သိဒ္ဓိအမျိုးမျိုးရတယ်လို့ ယုံကြည်ကြပါတယ်။
မဟာယာနနဲ့ ၀ိဇ္ဇာယာန (တိဘက်ဗုဒ္ဓဘာသာ)က ဘုရားအလောင်း ဗောဓိသတ္တကို ကိုးကွယ်ပါတယ်။ ပြန်လည်မွေးဖွားခြင်းကို ယုံကြည်ပါတယ်။ ထေရ၀ါဒက ဘုရားဖြစ်ပြီး ကိလေသာကင်းစင်တဲ့ ဗုဒ္ဓကို ကိုးကွယ်ပါတယ်။ ထေရ၀ါဒက ဘုရားဟောမူရင်းအတိုင်း ရှိခဲ့ပေမဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကို မဟာယာန၊ ၀ိဇ္ဇာယာနအယူအဆတွေရဲ့ လွှမ်းမိုးရောယှက်မှုတွေ ရှိနေခဲ့ပါတယ်။ အနော်ရထာမင်းလက်ထက်က အရည်းကြီးတွေဟာ ၀ိဇ္ဇာယာနဘုန်းတော်ကြီးများ ဖြစ်ကြပါတယ်။ ရှင်အရဟံ ကြွလာပြီး ဗုဒ္ဓသာသနာသန့်ရှင်းရေးလုပ်တော့ အရည်းကြီးတွေ နယ်စွန်နယ်ဖျားကို ထွက်ပြေးကြရပြီး သူတို့တန်ခိုးအာဏာ ကြီးထွားရေးအတွက် ဂါထာ (မန္တရာ) မန္တန်၊ ယတြာတွေနဲ့ နယ်သူနယ်သားတွေကို စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။
ဗေဒင်၊ ယတြာဆိုတာ ဗုဒ္ဓရဲ့အယူဝါဒမဟုတ်ပါ။ ထေရ၀ါဒအယူအဆ မဟုတ်ပါ။ အဲဒီအယူဝါဒတွေကို မဂ်ဖိုလ် မရနိုင်တဲ့အကျင့်တွေအဖြစ် မြတ်စွာဘုရားကပယ်ထားတာတွေကို ယုံကြည် သက်ဝင်နေကြတာပါ။ ထေရ၀ါဒရဲ့ အခြေခံက ကမ္မဿကတာသမ္မာဒိဋ္ဌိကို အခြေခံပါတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ ၀ါဒဖြစ်ပါတယ်။ ထေရ၀ါဒရဲ့ အခြေခံကျင့်စဉ်က ဒါန(ပေးကမ်းစွန့်ကြဲခြင်း)၊ သီလ(ကိုယ်ကျင့်တရား စောင့်ထိန်းခြင်း)၊ ဘာဝနာ(မိမိစိတ်ကို ထိန်းကျောင်းခြင်း)တို့ပဲ ဖြစ်ပါတယ်။ ဒီကျင့်စဉ်အတိုင်း ကျင့်ကြံနေထိုင်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးကို ခံစားရမှာ သေချာပါတယ်။ ဗေဒင်၊ ယတြာလုပ်လို့ အောင်မြင်တယ်ဆိုတာတွေဟာ ကိုယ်လုပ်မှကိုယ်ရတယ် ဆိုတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ အယူအဆတွေနဲ့ ဆန့်ကျင်ပါတယ်။ အဲဒါတွေဟာ ထေရ၀ါဒအယူအဆ မဟုတ်ဘူးဆိုတာ နားလည်ယုံကြည်ဖို့ အရေးကြီးပါတယ်။
ဆရာတော် ဆက်ပြီးမိန့်တာက ယနေ့ခေတ်မှာ ထေရ၀ါဒအမည်ခံ ဗုဒ္ဓဘာသာဝင်တွေကလည်း ဂါထာမန္တန် ယတြာတွေကို လက်ခံ ကျင့်ကြံနေပါတယ်။ လူတွေတင်မက ဘုန်းကြီးတွေပါ လေ့လာသင်ယူနေတာ၊ စီမံဆောင်ရွက်နေတာ၊ လက်ခံ ကျင့်သုံးနေတာတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ကျဆုံးဖို့ ပျက်ဆီးဖို့ အကြောင်းတွေဖြစ်တယ်။ တကယ်သာသနာပျက်မှာက ဗုဒ္ဓဘာသာဝင်တွေက ဖျက်လို့ပျက်မှာပါ။ ဘာသာခြားတွေရဲ့ ဖျက်ဆီးမှုက သိသာပါတယ်။ တကယ်တမ်း မပျက်စီးနိုင်ပါဘူး။ တကယ့်ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က အယူအဆတွေလွဲပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အရောင်ဆိုးကြမယ်ဆိုရင် အချိန်တိုအတွင်းမှာ ပျက်စီးမှာ ဖြစ်ပါတယ်။ ထေရ၀ါဒတည်တဲ့ခိုင်မြဲဖို့ဆိုရင် ဓမ္မကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ ပိဋကသုံးပုံကို ထိန်းသိမ်းရပါမယ်။ သင်ယူ၍ထိန်းခြင်း(ပရိယတ္တိ)နဲ့ ကျင့်သုံး၍ထိန်းခြင်း(ပဋိပတ္တိ)နှစ်မျိုးကို ဆရာတော်က ဆက်လက်ရှင်းပြထားပါတယ်။
ပရိယတ္တိအပိုင်းမှာ ကိုယ်တိုင်လေ့လာသင်ယူခြင်းနဲ့ သင်ယူနေတဲ့ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တွေကို ထောက်ပံ့ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။ လေ့လာသင်ယူတဲ့အခါမှာလည်း ထေရ၀ါဒ စစ်စစ်စာပေတွေကို လေ့လာဖို့လိုကြောင်း၊ တချို့မဂ္ဂဇင်းတွေဟာ မန္တရာယာန၊ ၀ိဇ္ဇာယနတွေကို အားပေးတဲ့စာတွေ ဖြစ်နေတဲ့အတွက် လေ့လာသူတွေရဲ့အသိဉာဏ်ဟာ ရှုပ်ထွေးသွားနိုင်တာကိုလည်း ဆရာတော်က သတိပေးထားပါတယ်။ ပရိယတ္တိအပိုင်းမှာ ကိုယ်တိုင် တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းနဲ့ ပဋိပတ္တိ ၀ိပဿနာတရားရိပ်သာများကို ထောက်ပံ့ခြင်းတို့ ဖြစ်ပါတယ်။ မကျင့်ရင်လည်း ပျောက်မှာဖြစ်သလို မသင်ရင်လည်း ပျောက်မှာ ဖြစ်ပါတယ်။ ပိဋကသုံးပုံဓမ္မ ပျောက်ပြီဆိုရင်တော့ ထေရ၀ါဒဗုဒ္ဓသာသနာလည်း ပျောက်ပြီလို့ မိန့်ကြားပါတယ်။ စစ်မှန်တဲ့ ထိန်းသိမ်းနည်းနဲ့ ထိန်းသိမ်းနိုင်ကြပါစေလို့ ဆရာတော်က ဆန္ဒပြုရင်း တရားပွဲကို နိဂုံးချုပ်ပါတယ်။
တခြားဘာသာတွေကို ဝေဖန်ရှုတ်ချနေမယ့်အစား ကိုယ့်စည်း ကိုယ်လုံအောင် စောင့်ရှောက်ကာကွယ်ဖို့၊ သာသနာတော် တည်တံ့ပြန့်ပွားအောင် ကြိုးစားဖို့က ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်မဟုတ်ပါလား။
ကျေးဇူးရှင် ဆရာတော်ဘုရား သက်ရှည်ကျန်းမာ၍ သာသနာအကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။
ဒေါက်တာမြတ်မွန် (Assumption University)
{{{ ၂၀၁၅ ခုနှစ်၊ မေလ၊ အတွဲ (၁၆) အမှတ်(၅) အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း }}}
Sunday, 1 November 2015
အရမ်းကို အဓိပ္ပါယ်ရှိတဲ့ ပုံလေးတွေပါ ။ ပုံထဲကလိုပါပဲ
လူတွေက ကမ္ဘာကြီးနဲ့သာ ဆက်သွယ်ချင်နေကြတာ
ကိုယ့်အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့တော့ ဆက်ဆံရေးတွေအေးစက်ကုန်ကြတယ် ။
အရင်ကဆို မိတ်ဆွေတွေတွေ့ဖို့ Coffee ဆိုင်လေးတွေမှာဆုံကြရင် စကားတွေပြောလို့ ပြုံးလို့ပျော်လို့ ခုတော့...
ဆိုင်ရောက်တာနဲ့ ဖုန်းတွေကိုယ်စီနဲ့ အလုပ်တွေရှုပ်နေကြတယ် ။ ဆိုင်မှာတစ်နာရီလောက်ထိုင်လို့ တစ်ယောက်နဲ့တစ်ယောက် စကားတွေ ဘယ်နှမိနစ်လောက် ပြောဖြစ်လဲ ??
အရင်ကဆို
ညနေမိသားစုညထမင်းဝိုင်းပြီးရင် မိသားစုစုံစုံညီညီစကားဝိုင်းလေးတွေရှိတယ် ။
ခုတော့...
အမေကလည်း မိသားစုတွေ တစ်နေကုန်လို့ စကားဝိုင်းမပြောနဲ့ တစ်အိမ်တည်းနေပြီး တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့တောင် ခဲ့ယဉ်းနေကြတယ် ။
မိတ်ဆွေ...
ခေတ်မီတိုးတက်လာတဲ့ခေတ်မှာ
နည်းပညာတွေ တိုးတက်လာပြီ ။
အဲ့ဒီ တိုးတက်လာတဲ့နည်းပညာကို ဘယ်လိုအသုံးချကြမလဲ.
နည်းပညာတွေတိုးတက်လာလေ လူတွေပျက်စီးလေတော့ အဖြစ်မခံနိုင်ဘူး ။Facebook ပေါ်မှာပဲ သာယာမနေပါနဲ့ ။Facebook ရဲ့ အသုံးချခံမဖြစ်စေနဲ့ ။ Facebook ကို ဘယ်လို ကောင်းတဲ့ဘက်က အသုံးချရမလဲ စဉ်းစားပြီးတော့ သုံးစေချင်တယ် ။ Like တွေ Comment တွေက ဘဝမဟုတ်ဘူးနော်..
Post တစ်ခုတင်မယ် Share မယ်ဆိုရင် ဒီ Post ကို တင်တဲ့ သင်ရော ၊ ဒီ Post ကို
မြင်တဲ့သူတွေ ဘာအကျိုးရနိုင်မလဲ အရင်စဉ်းစားပါ ။ဘယ်သူ့အတွက်မှ အကျိုးမရှိရင် မတင်ပါနဲ့ ။ ခုတလော မိန်းကလေးတွေ Beer သောက်တာတွေကို ဂုဏ်ယူစရာထင်ပြီး ပုံတွေရိုက်ပြီးတင်နေတာ တွေ့ရတယ် ။ အဲ့လိုပုံတင်တဲ့သူတိုင်းကိုလည်း မြင်တာနဲ့ Block ပစ်တယ်။
အင်တာနက်ရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့..
အင်တာနက်ကို အသုံးချသူပဲ ဖြစ်ပါစေ..
Subscribe to:
Posts (Atom)