Saturday, 13 February 2016
မီးဘေးအန္တရာယ်ကာကွယ်ရန် ကြိုတင်သတိထားသင့်သည့်အချက်များ
မီးဘေးအန္တရာယ်ကာကွယ်ရန် ကြိုတင်သတိထားသင့်သည့်အချက်များ
အိမ်ဆိုတာ ကိုယ့်ရဲ့တန်ဖိုးအရှိဆုံးနဲ့ အဖိုးတန်ဆုံးအရာတွေ စုစည်းနေတဲ့နေရာတစ်ခုပါ။ ကိုယ်ပိုင်ဆိုင်သမျှ အရာဝတ္ထုပစ္စည်းတွေထဲကမှ အရေးကြီးဆုံးအရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကိုယ့်အိမ်နဲ့ကိုယ်မိသားစုကို မီးဘေးအန္တရာယ်လို အဖျက်ရန်စွယ်တွေကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်။
မီးဘေးအန္တရာယ်ကြောင့် အိမ်အတော်များများပျက်စီးခဲ့ကြရတာလည်း ကျွန်မတို့မြင်နေကြားနေရတာ ပါပဲ။ မီးလောင်မှုဆိုတာ မဆင်မခြင်ဖြစ်ကတတ်ဆန်းလုပ်ရပ်တွေ၊ ပေါ့ဆမှုတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်အိမ်ကို မီးဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ သိထားသင့်တဲ့အချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ မီးခိုးအာရုံခံစက်ကိရိယာ တပ်ဆင်ပါ။
ဖြစ်နိုင်ရင် အထပ်တိုင်းမှာ တပ်ထားပါ။ မီးခိုးအာရုံခံစက်ကိရိယာတွေက မီးခိုးထွက်တာနဲ့ စောစောစီးစီး အချက်ပေးနိုင်လို့ လူ့အသက်တွေမဆုံးရှုံးရသေးခင်၊ ပစ္စည်းဥစ္စာတွေ မဆုံးရှုံးရသေးခင်မှာပဲ မီးငြှိမ်းသတ်နိုင်ပါ လိမ့်မယ်။ မီးခိုးအာရုံခံစက်တွေမှာ ညွှန်ကြားထားတဲ့ အချက်အလက်တွေကိုတော့ သေချာဖတ်ရှုပါ။
၂။ မီးခိုးအာရုံခံစက်ကိရိယာတွေကို အမြဲစစ်ဆေးပါ။
မီးခိုးအာရုံခံစက်တွေက ဓာတ်ခဲကို အမြဲစစ်ဆေး လဲထည့်ပေးဖို့လိုပါတယ်။ စက်အများစုကတော့ ဓာတ် ခဲအားနည်းနေပြီဆိုရင် လဲဖို့မေ့နေမှာစိုးလို့ လဲရမယ့်အချိန်ရောက်ပြီဆိုရင် အချက်ပေးတဲ့စနစ်တွေ ထည့်ထား လေ့ရှိပါတယ်။
၃။ မီးလောင်နိုင်မယ့်အရာတွေကို အမြဲသတိထားကြည့်ပါ။
တီဗွီ၊ စတူရီယိုစနစ်တွေ၊ မီးအိမ်၊ မီးချောင်းတွေနဲ့ ကွန်ပျူတာတို့လို လျှပ်စစ်ပစ္စည်းတွေက ၀ါယာကြိုး တွေပြတ်ထွက်နေတာ၊ ဖွာထွက်နေတာမျိုးတွေရှိမရှိ အမြဲစစ်ဆေးပါ။ အပူပေးစက်တွေကိုလည်း အ၀တ်အစား၊ အမျှင်ပါတဲ့အရာတွေ၊ စာအုပ်၊ မဂ္ဂဇင်းနဲ့ သတင်းစာအဟောင်းတို့လို မီးလောင်လွယ်တဲ့အရာတွေနဲ့ ဘယ်တော့ မှ နီးနီးကပ်ကပ်မထားပါနဲ့။
၎။ မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကို ကလေးတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာထားပါ။
ကလေးတွေက မီးဆိုရင် သိပ်ကိုစိတ်ဝင်စားတတ်ကြလွန်းလို့ သူတို့ရဲ့စပ်စုလိုစိတ်က အန္တရာယ်ကို လက်ယပ်လှမ်းခေါ်နေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကို ကလေးတွေမမြင်နိုင်တဲ့ နေရာမှာထားပါ။ ဖြစ်နိုင်ရင် ဗီရိုထဲထည့်ပြီး သော့ခတ်ထားတာအကောင်းဆုံးပါပဲ။
၅။ တစ်ခုခုချက်ပြုတ်နေပြီဆိုရင် မီးဖိုချောင်မှာ လူရှိပါစေ။
မီးလောင်မှုအများစုက မီးဖိုချောင်ထဲက စတာပါ။ အဲဒါကြောင့်လည်း မီးဖိုချောင်လို မီးလောင်လွယ်တဲ့ နေရာတွေမှာ အမြဲတမ်းသတိထားနေပေးဖို့လိုအပ်ပြီး ဂရုတစိုက်နေတတ်တဲ့အကျင့်လေးလုပ်ပေးတာအ ကောင်းဆုံးပါပဲ။
၆။ မီးလောင်ရင်အချိန်မရွေးအသုံးပြုနိုင်မယ့် အရေးပေါ်အစီအစဉ်တစ်ခုထားပါ။
မိသားစုဝင်တိုင်း မီးလောင်ရင် အရေးပေါ်အသုံးပြုလို့ရမယ့်အစီအစဉ်တစ်ခုစီ ကြိုတွေးထားသင့်ပါ တယ်။ အရေးပေါ်အစီအစဉ်ကိုကြိုတွေးထားတော့ မီးလောင်ပြီဆိုတာနဲ့ ပျာယာခတ်မနေတော့ဘဲ မီးထဲက အေး အေးဆေးဆေး ထိခိုက်ဒဏ်ရာမရှိဘဲ လွတ်မြောက်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလို အရေးပေါ်အစီအစဉ်တစ်ခုစီ စဉ်းစားထားတာဟာ မိသားစုဝင်တိုင်းအတွက် မီးဘေးအန္တရာယ်က လုံခြုံစေမှာပါ။
၇။ ဖယောင်းတိုင်ထွန်းရင် သတိထားပါ။
ဖယောင်းတိုင်ဆိုတာ သတိမထားမိရင် တခြားအရာတွေကိုပါ မီးကူးလွယ်စေတဲ့အရာပါ။ ဒါကြောင့် ဖယောင်းတိုင်ထွန်းမယ်ဆိုရင် ဖယောင်းတိုင်ခွက်နဲ့အကာအကွယ်အဖုံးကို အသုံးပြုပြီးတော့ မီးသတ်ဆေးဘူးကို ပါဆောင်ထားပါ။
၈။ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုပြီးရင် ပလပ်ဖြုတ်ပါ။
လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုပြီးတဲ့နောက် အချိန်အကြာကြီးပလပ်မဖြုတ်ဘဲ ထားခဲ့တာဟာ မီးလောင်ဖို့အတွက် အကြီးမားဆုံးအန္တရာယ်တစ်ခုပါ။
၉။ ဆောင်းတွင်းမှာ မီးဖိုအသုံးပြုတဲ့အခါ သတိထားပါ။
ဆောင်းတွင်းမီးလှုံဖို့ အိမ်ထဲမှာ မီးဖိုထားတဲ့အခါ မီးဖိုကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပြီး မီးဘေးအန္တရာယ် မဖြစ်အောင် ထိန်းသိမ်းပါ။ ကလေးတွေကိုလည်း မီးဖိုနားမကပ်ပါစေနဲ့။
၁၀။ ကလေးတွေကို မီးဘေးအန္တရာယ်နားလည်အောင် ရှင်းပြပေးထားပါ။
ကျန်းမာပျော်ရွှင်တဲ့မိသားစုတစ်ခုဖြစ်ဖို့အတွက် မိသားစုဝင်တိုင်း မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး နားလည်ထားဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပါ။ မိသားစုဝင်တိုင်းကို မီးဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတ တွေကို အခါအားလျော်စွာ ရှင်းလင်းပြောပြပေးထားပြီး မီးဘေးကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေနဲ့ မီးဘေး ကြုံတွေ့လာရတဲ့အခါ နည်းမှန်လမ်းမှန်နှိမ်နင်းနိုင်အောင်ကြိုးစားဖို့၊ မနှိမ်နင်းနိုင်လောက်တဲ့ပမာဏမှာဆိုရင် ဘယ်လိုလွတ်မြောက်အောင်စီမံဆောင်ရွက်ရမလဲဆိုတာတွေကိုပါ သင်ကြားပေးထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲလို့ အကြံပြုပါရစေ။
ရေးသူ-အမရာ
Credit Sai Pyae Han Phyo
ချစ်သူများနေ့ ပေါ်ပေါက်လာပုံ
ချစ်သူများနေ့ ပေါ်ပေါက်လာပုံ
=================
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။
Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။
ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။
စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။
ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။
ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။
လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။
သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။
သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။
တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။
မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။
ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။
အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။
ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။
အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။
Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။
#အဲဒီ့ထဲမှာအမျိုးသမီးတွေကဝယ်ကြတာ၈၄ရာခိုင်နှုန်းလောက်ပါတဲ့...။
Credit original Uploader
ကွန်ဖြူးရှပ် ပြောသောစကား

~~~~~~~~~~~~~
တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သည်
တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။
လမ်းမှာ လူ ၂ ယောက်နဲ့တွေ့တဲ့အခါ
ပထမလူက -
"ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ကောင်းရာကိုညွှန်ပြတတ်တယ်။လူတွေက ခင်ဗျားဆို လေးစားကြတယ်။ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ"ဆိုပြီး ချီးကျူးတယ် တဲ့။
အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ဘာမှပြန်မပြောပေ။အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။
"ကွန်ဖြူးရှပ်.. ခင်ဗျားက အလကားကောင်ကြီးပါဗျာ..လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ။တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။အလကားပါဗျာ"လို့ ကဲ့ရဲ့တယ်..တဲ့။
အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။အဲဒီအဖြစ်အပျက် ကို အစအဆုံးမြင်လိုက်တဲ့ ငါးမျှားရာမှပြန်လာတဲ့ တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။
"ခင်ဗျား က ခင်ဗျား ကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ"ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ငါ့ရဲ့ နဂိုမူလ အရည်အချင်း ကို ထိခိုက်မသွားဘူး။ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျ မသွားပါဘူး။နေတတ်ဖို့ပဲ လိုပါတယ်။တို့တွေ လူ့ဘဝ မှာနေတဲ့ ရည်ရွယ်ချက် က ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ။တခြားသူ အထင်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝ နဲ့လောက အတွက် အကျိုးပြုနေဖို့သာအဓိကပါပဲ"ဟု တံငါသည်အား ပြန်လည်ဖြေကြားလိုက်လေသည်။
''ဖတ်မိသောပညာရှိစကားများ''
Subscribe to:
Posts (Atom)