Monday, 30 May 2016
"မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ"
"မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ"
ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ အခုနောက်ပိုင်း လူငယ်တွေ၊ ကလေးတွေမှာ မျက်မှန် တပ်ရတာ များလာတာကို တွေ့ရပါတယ်။ အဲဒါ ဘယ်လို အကြောင်းရင်းတွေကြောင့် ပါလဲရှင့်။
ဖြေ ။ ။မျက်မှန်ပါဝါနဲ့ ပတ်သက်လို့ ပြောရရင် နံပါတ်တစ်က မျိုးရိုး ဗီဇ ခေါ် တာပေါ့။ မိဘက အပေါင်းအနုတ် ပါဝါတွေ တပ်ရရင် မွေးလာတဲ့သား သမီးတွေ ကလည်း အနုတ် ပါဝါတွေ တပ်ရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အနေ အထားအရတော့ ကလေးတွေက လမ်း မှာ အဝေးကို ကြည့်ရတဲ့ အလေ့အထ တအား နည်းသွားတယ်။ သူတို့က ဘာတွေကြည့်လဲ ဆိုတော့ ကွန်ပျူတာ ကြည့်တယ်။ လက်(ပ်)တော့ ကြည့်တယ်။ ဂိမ်းတွေ ဆော့တယ်။ သူတို့ရဲ့ ဖုန်းသေးသေးလေးတွေ ထဲကနေ အင်တာ နက်တွေ ကြည့်တယ်။ ဂိမ်းတွေဆော့ တယ်။ အဲဒီတော့ သူတို့က အနီးကိုပဲ အရမ်း ကြည့်နေတဲ့ အခါကျတော့ တဖြည်း ဖြည်း နဲ့အဝေးကို မှုန်လာကြတယ်။
ဂျပန်တို့ စင်ကာပူ တို့မှာဆိုရင် သူတို့နိုင်ငံမှာရှိတဲ့ လူငယ် အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက မျက်မှန် တပ်ထားကြ တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ က တိုက်နံရံ အတွင်း မှာပဲ အမြင်အာရုံ က ရှိကြတယ်။ အဝေးကို ကြည့်တာ အားနည်းတယ်။ သူတို့သည် ဘာလုပ် နေကြလဲဆိုတော့ တစ်နေ့လုံး ကွန်ပျူ တာရှေ့များ မှာပဲ နေကြ တယ်။၂၄ နာရီ အင်တာနက် ကြည့်နေတယ်။ ဂိမ်း ဆော့တယ်။ ကွန်ပျူတာ ကြည့်တယ်။ ဒီတီဗီလို ဖန်သားပြင်ကိုပဲ ကြည့်နေတဲ့ အခါကျတော့ တဖြည်းဖြည်း နဲ့ အဝေး မှုန်သွားကြ တယ်။
နောက်တစ်ခုက မျက်မှန်တပ် သင့်ရဲ့သားနဲ့ ကလေးကိုတော့ မျက်မှန် မတပ်ချင်ဘူး။ မတပ်ပါရစေနဲ့ ဆရာမ ရယ် ဆိုပြီးတော့ ငြင်းဆိုပြီးတော့ မတပ်ဘဲ ထားတဲ့ အခါမှာ ကြာလာ တော့ အဲဒီကလေးက ပါဝါတွေ ထပ် တက်လာပြီးတော့ အဲဒီ ကလေးတွေက မျက်မှန်လေးတွေ နဲ့ဖြစ်သွားတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်စနစ်တွေ တိုးတက်လာတာ နဲ့အမျှ မျက်မှန်တပ် ရတဲ့ ကလေးတွေက များလာမှာပဲ။ အစ်မတို့ ကလေးတွေကို ဂိမ်းမဆော့ ပါနဲ့လို့ တားလို့ မရဘူး။ ဒါ မိဘတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာပဲ။ ခေတ်စနစ် ရဲ့အသီးအပွင့် တွေဖြစ်တဲ့အတွက် တား လို့လည်း မရဘူး။ တားရင်လည်း သူတို့က တခြား ကလေးတွေ နဲ့ ယှဉ်ရင် ကျန်ခဲ့မှာလေ။ အဲဒါတွေအတွက်က တော့ အစ်မတို့ ပညာပေးရမှာပေါ့။
မေး။ ။ မျက်မှန်ကတပ်ပြီးရင် အချိန် တစ်ခုကြာသွားရင် ချွတ်လို့ရပါသ လား။ ဒါမှမဟုတ် တစ်သက်လုံး တပ် သွားရမှာပဲလား။
ဖြေ ။ ။ မျက်မှန်ရဲ့ သဘော သဘာဝအရ တော့ အနုတ် ပါဝါတပ်ထားတဲ့ အဝေး မှုန်မျက်စိ ဆိုရင်တော့ တပ်ထားပြီးရင် ပါဝါက တိုးဖို့ပဲ ရှိတယ်။ ကလေးတွေ ရဲ့ အသက် ၁၈ နှစ် ၂ဝ နှစ် ယောက်ျား လေး၊ မိန်းကလေး စတာတွေပေါ်မူ တည်ပြီးတော့ အသက် ၁၈ နှစ်၊ ၂ဝ ထိအောင် ပါဝါက တက်လာမှာဖြစ်တဲ့ အတွက်ကြောင့် ပါဝါကို လျှော့ချလို့ မရ ဘူး။ ဒါကြောင့် အစ်မတို့က သူတို့ ရဲ့ နေထိုင် စားသောက်မှုပုံစံမှာက ငယ်ငယ်တည်း က အသီးအနှံ များများ စားရမယ်။ အစာအုပ်စု သုံးခုမှာပါတဲ့ အစာတွေကို စား ရမယ်။ သတ္တုဓာတ် များများ ပါတဲ့ အစားအစာတွေကို စားမယ် ဆိုရင်တော့ ပါဝါကို ရှေ့ဆက် မတိုးလာအောင် ထိန်းနိုင်တာပဲ ရှိတယ်။
မေး။ ။ တချို့ မျက်မှန်တပ်ပြီးတော့ ဆေးသောက်ပြီး မျက်မှန်ကျွတ်သွား ကြတယ်ပြောတယ်။ အဲလိုမျိုး ဆေး စားပြီးတော့ရော မျက်မှန်ချွတ်နိုင်ပါ သလား။
ဖြေ ။ ။ ဆေးစားပြီးတော့ မျက်မှန် ကျွတ်တယ်လို့ မရှိနိုင်ပါဘူး။
မေး။ ။ မိဘတွေ အနေနဲ့ရော ကိုယ့်သား သမီးတွေ မျက်မှန် မတပ်ရအောင် ထိန်း ကွပ်ပေးလို့ ရတဲ့ဆောင်ရန်၊ ရှောင်ရန် တွေလည်း ပြောပြပေးပါဦးရှင့်။
ဖြေ ။ ။သူတို့ တစ်နေ့တာ လှုပ်ရှားနေ တဲ့ ဆောင်ရန် ရှောင်ရန်ပေါ့။ အဲဒါက စာဖတ်တဲ့ အခါမှာ အိပ်မဖတ်ရဘူး။ အမှောင်ထဲမှာ မဖတ်ရဘူး။ ခြင်ထောင် ထဲမှာ မှောက် မဖတ်ရဘူး။ ကားစီးရင်း၊ ရထားစီးရင်း မဖတ်ရဘူး။ တီဗီကြည့် ရင် မျက်စိ နဲ့ တစ်တန်းတည်း ထား ကြည့်ရမယ်။ တီဗီကို အမှောင် ထဲမှာ ထားမကြည့်ရဘူး။ အလင်းနောက် ခံ ထားကြည့်ရမယ် ဆိုတာလေး နဲ့ သူတို့ ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ကို မိဘတွေက အနီးကပ် ပြုပြင် ပေးနိုင် မယ်ဆိုရင်တော့ ကောင်းသွားမှာပါ။
မြတ်စုငြိမ်း
ပြန်လည် မျှဝေခြင်း
Friday, 27 May 2016
"စက်သုံးဆီပန့်ဆိုင်တွေ ဆီဘယ်လိုခိုးသလဲ"
"စက်သုံးဆီပန့်ဆိုင်တွေ ဆီဘယ်လိုခိုးသလဲ"
အများအားဖြင့် စက်သုံးဆီ ပန့်ဆိုင်တွေမှာ ၀ယ်ယူတဲ့အခါ ဆီအချင်အတွယ်
မပြည့်ဝမှုတွေကို ကိုယ်တိုင် ကြုံဖူးကြမှာပါ။ ဒါပေမယ့် သူတို့တွေ ဘယ်လို နည်းလမ်းတွေနဲ့ ဆီခိုးယူထားတယ် ဆိုတာ သိကြတဲ့သူ နည်းပါတယ်။ ကျွန်တော် သိသမျှကို ပြောပြရမယ်ဆိုရင် နည်းနှစ်နည်း ရှိပါတယ်။ ပထမနည်းက စက်ထဲမှာ ဆီအချင်အတွယ် မပြည့်အောင် တစ်ခါတည်း ချိန်ထားတဲ့ နည်းပါ။ ပထမနည်းကတော့ လက်တွေ့ပြနှိုင် မြင်နှိုင်ဖို့ ခဲယဉ်းပေမယ့် အခုကျွန်တော် ပြောပြတဲ့ နည်းကတော့ သတိထားကြည့်ရင် တွေ့မြင်နှိုင်ပြီး အဲဒီလို မလုပ်ဖို့ ပြောဆို တားဆီးခြင်းအားဖြင့် မိမိဝယ်ယူတဲ့ စက်သုံးဆီကို ခိုးယူခံရခြင်းမှ ကာကွယ်နှိုင်ပါတယ်။ ဒုတိယနည်းကတော့ ဆီထည့်ပေးသူက အခုပုံမှာ ပြထားတဲ့ လက်ကိုင်ကွင်းထဲက ဆီဖွင့်တဲ့ ခလုပ်ကို မိမိရဲ့ကား သို့မဟုတ် ဆိုင်ကယ်ကို ဆီထည့်စဉ်မှာ မသိမသာ အဖွင့်အပိတ် ကစားနေတာကို တွေ့ရရင် အဲဒီလို မလုပ်ဖို့ တားမြစ်လိုက်ပါ၊ အဲဒါဆီခိုးနေတာပါ။ ဆီထည့်စဉ်မှာ ဆီအဖွင့်ခလုပ်ကို မသိမသာ ဖွင့်လိုက်ပိတ်လိုက် လုပ်ခြင်းက ဘယ်အတိုင်းအတာထိ မိမိဝယ်တဲ့ ဆီကိုခိုးလို့ ရသလဲဆိုရင် ၁၀ ဂါလံထည့်ရင်
၂ ဂါလံခိုးယူထားလို့ ရပါတယ်။ အဲဒီတော့ ၁၀ ဂါလံ ၀ယ်ရင် ၈ ဂါလံပဲ ရမယ်ဆိုတဲ့ သဘောပါ။ အကယ်၍ စက်ထဲမှာ တစ်ခါတည်း ချိန်ထားပြီး ထပ်မံ ခိုးယူထားဦးမယ်ဆိုရင် မိမိဝယ်ယူတဲ့ စက်သုံးဆီဟာ ဘယ်လောက်ပဲ ရတော့မယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ မိမိသိရှိသွားပြီ ဆိုရင် ကျန်တဲ့ မိမိရဲ့ မိတ်ဆွေတွေ သိရှိသွားအောင် ထပ်မံပြီး ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါ။
Kuantan Min Yar Zar
Tuesday, 10 May 2016
မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော် (၃၂) ပါး
မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်
(၃၂) ပါး နှင့်
ထိုလက္ခဏာတော်ရရှိသည့်အကြောင်းရင်းများကို လူအများ ပူဇော်နိုင်ရန်နှင့် အတုယူလိုက်နာ
ကျင့်သုံးနိုင်စေရန်အတွက်တင်ပြပူဇော်လိုက်
ပါသည်
***********************************
( by Annyatara - အညတရ )
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။
ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။
ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။
(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။
ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။
(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။
(၃-၄-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။
ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။
(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။
(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။
(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။
(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဇာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿ ကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။
(၁၂) ချောမွေ့သောအသားအရေရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။
(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။
(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။
(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။
(၁၇-၁၈-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။
(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။
(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။
(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။
(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။
(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။
(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။
(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်
ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။
(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သောစွယ်တော်လေးချောင်း
တို့ရှိခြင်း။
ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။
မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် ---
အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊
ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊
လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း
စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။
Filed under: ဒီဃနိကာယ, Suttanta Pitaka
by Annyatara (အညတရ)
Dhamma web website
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
:::::::::::::::::::::::::::::::::::::::::::::::::::
(ဤ " Buddha Dhamma Sangha ရတ်ပိပြကာ" Page မှ ဓမ္မတရားတော် Post များကို အများသူငါ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် မည်သူမဆို ပြန်လည်၍ဝေမျှ Share ခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)
(အသိပညာဗဟုသုတနှင့် ကုသိုလ်တရား များတိုးပွားနိုင်ကြပါစေခင်ဗျာ)
Kuantan Min Yar Zar
Tuesday, 3 May 2016
မြန်မာ့ပထမဆုံးကိုယ်ကာယအလှဖော်ထုတ်သူ မော်လမြိုင်သား ဒေါက်တာ ဝေါလ်တာချစ်ထွန်း
=================================================
မော်လမြိုင်၊ ၄ မေ ၂၀၁၆
မြန်မာ့ပထမဆုံး ကိုယ်ကာယအလှဖော်ထုတ်သူ နဲ့ အလေးမသူ ဒေါက်တာ ဝေါလ်တာချစ်ထွန်း ကို ၁၈၉၈ခုနှစ် မော်လမြိုင်မြို့မှာဆရာဝန်ကြီးဦးချစ်ထွန်းနဲ့
ဒေါ်သိန်းငွေတို့ က မွေးဖွားခဲ့ပါတယ်။
မွန်တိုင်းရင်းသား ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန်မြို့၊ စိန်ပေါကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားရင်း လူထုအခွင့်အရေးအတွက် အစိုးရကို ဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပါတယ်။
ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန် တက္ကသိုလ်က ဘီအက်စ်စီ အောင်ပြီးတဲ့အခါ အိန္ဒိယနိုင်ငံ ကာလကတ္တား ဆေးတက္ကသိုလ်မှာ အစိုးရအထောက်အပံ့နဲ့ ဆရာဝန်ပညာကို သွားရောက် သင်ကြားခဲ့ပါတယ်။ ကာလကတ္တားဆေး တက္ကသိုလ်က ဆေးပညာဘွဲ့ရပြီးတဲ့နောက် ရန်ကုန်စိတ်ကျန်းမာရေးဆေး ရုံကြီး (တံတားလေး)မှာ အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ အကူအညီမဲ့သူတွေအတွက် ဆေးရုံဖွင့်ပြီးစောင့်ရှောက်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူမသေခင် သူ့စိတ်ကူးကို အကောင်အထည်ဖော် ခွင့်မရခဲ့ပါဘူး။ကာလကတ္တားဆေးတက္ကသိုလ်ကျောင်းသားဘဝမှာ အင်္ဂလိပ် ဇာတ်ကားထဲက ကာယဗလသမားလူသန်ကြီး “မက်ဆစ်” ကို အားကျပြီးအလေးမလေ့ကျင့်ခဲ့တာပါ။ ဆန္ဒပြင်းပြင်း၊ ဇွဲသန်သန်နဲ့ မှန်မှန်လေ့ကျင့်ခဲ့တာကြောင့် ကိုယ်ခန္ဓာ သန်စွမ်းပြီး အချိုးအစားကျနပြေပြစ် လှပလာခဲ့ပါတယ်။ ၁၉၁၇ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်ကောလိပ်ကျောင်း စစ်ရန်ပုံငွေအလှူပွဲမှာ သူ့ရဲ့ ပထမဆုံး ကိုယ်ကာယ အလှကိုတက်ရောက်ပြသခဲ့ပါတယ်။ သူ့ရဲ့ကြွက်သားတွေကို အမျိုးမျိုးလှုပ်ရှားပြသခဲ့ပြီး ဒီလိုကိုယ်ကာယအလှပြခြင်း နဲ့ ကြွက်သားလှုပ်ရှားပြတာတွေဟာ မြန်မာလူမျိုး အနေနဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဝေါလ်တာချစ်ထွန်းဟာ အိန္ဒိယမှာ နေထိုင်ခဲ့စဉ်က ကာယဗလပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ပြသခဲ့ပြီး ကမ္ဘာ့ စံချိန်ကိုလည်းကောင်း၊ အင်္ဂလန်စံချိန် ကိုလည်းကောင်း၊ ဘင်္ဂလားစံချိန်ကို လည်းကောင်းချိုးနိုင်ခဲ့ပါတယ်။သူ့ရဲ့ ကိုယ်ကာယအလှဟာ အိန္ဒိယနိုင်ငံသာမက ကမ္ဘာကပါ ချီးကျူးခဲ့ကြရပါတယ်။ ၁၉၃၆ခုနှစ်မှာ အသက် ၃၇နှစ် အရွယ် ဒေါက်တာဝေါလ်တာချစ်ထွန်းရဲ့ ကိုယ်ကာယအချိုးအစားအတိုင်းအတာတွေကတော့ အရပ် ၅ပေ ၁ဝလက်မ၊ အလေးချိန် (၁၂ စတုံခွဲမှ ၁၃ စတုံ)၊ လက်မောင်း ၁၇လက်မ၊ လက်ဖျံ ၁၄ လက်မ၊ လည်ပင်း ၁၆လက်မခွဲ၊ ရင်ဘတ် (ရိုးရိုး) ၄၅ လက်မ၊ ရင်ဘတ် (အားပြုထားလျက်) ၄၈လက်မခွဲ၊ပေါင်၂၅လက်မ၊သလုံးသား ၁၆လက်မ၊ ခါး ၃၂လက်မတို့ အသီးသီးရှိပါတယ်။
ဒေါက်တာ ဝေါလ်တာချစ်ထွန်း အိန္ဒိယမှာ နေထိုင်ခဲ့စဉ်တုန်းကရေးသားခဲ့တဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းကို တွဲပြီးလေ့ကျင့်ရတဲ့ Barbell လေ့ကျင့်ခန်းဟာ အိန္ဒိယနိုင်ငံ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရဲ့ အသွင်အပြင်အဖြစ်တင် စားခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဝေါလ်တာချစ်ထွန်းရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ၁၉၃၆ခုနှစ်၊ ဇူလိုင် လ ၄ ရက်နေ့ထုတ် သူရိယသတင်းစာ ၂၅နှစ် မြောက် အထူးထုတ်မှာလဲ ” ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသော ကာယဗလဆရာဝန် ဦးချစ်ထွန်း” လို့ ခေါင်းစဉ်တပ်ကာဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ချီးကျူး ဖော်ပြခံခဲ့ရပါတယ်။ ဦးချစ်ထွန်းရဲ့ အံ့ဖွယ်ပြကွက်တစ်ခုကတော့ ပက်လက်လှန်ကာ ခြေ နှစ်ဖက်၊ လက် နှစ်ဖက် မြှောက်ထားပြီး ပေါင် ၆ဝလေးတဲ့ သံပြားကြီးကို ခြေ နှစ်ဖက်၊လက်နှစ်ဖက်ပေါ်မှာ တင်ထားပြီး ပေါင် ၁၂ဝလေးတဲ့ လူတစ်ယောက်ကို အဲဒီသံပြားကြီးပေါ်မှာ တက်ထိုင်ခိုင်းတဲ့ အကွက်ပါ။
“သူ၏ကိုယ်ကာယအလှမှာ ဂရိလူမျိုးများထုထားသော ကျောက်ရုပ်နှင့်တူလှပေ၏။ ထိုသို့ ကျောက်ရုပ်သဏ္ဌာန် လှပသူကားအသူနည်း။ ကာလကတ္တား ဆေးသိပ္ပံကျောင်း တွင် ပညာသင်ကြားနေသော မြန်မာလူမျိုးမစ္စတာချစ်ထွန်းပင်ဖြစ်ပေသည်” ဆိုပြီးတော့လဲ ၁၉၂၂ခုနှစ်၊ သြဂုတ်လ ကာလကတ္တားမြို့ထုတ် English Men အမည်ရှိ သတင်းစာ မှာ မြန်မာအမျိုးသား ဒေါက်တာဝေါလ်တာ ချစ်ထွန်းကို ကိုယ်ကာယအလှနဲ့ ပတ်သက်ပြီး ချီးကျူးရေးသားခဲ့ကြပါသေးတယ်။
ဒေါက်တာဝေါလ်တာချစ်ထွန်းဟာ ကိုယ်ကာယအလှပြသူ တစ်ယောက်အနေနဲ့တင် အောင်မြင်ခဲ့တာတော့လဲ မဟုတ်ပါဘူး။ သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။
၁၉၂၄ခုနှစ်မှာ အသစ်တည်ထောင်တဲ့ ဗန္ဓုလရုပ်ရှင်လုပ်ငန်းကရိုက်ကူးခဲ့တဲ့ ပန်းပဲမောင် တင့်တယ် ဇာတ်ကားမှာလည်း ဒေါက်တာ ဝေါလ်တာ ချစ် ထွန်းကို မောင်တင့်တယ် အဖြစ် ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာဝေါလ်တာချစ်ထွန်းကို မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခေတ်ပညာတတ်ဆရာဝန်တစ်ဦးအဖြစ်လဲ မှတ်တမ်းတင်နိုင်ပါသေးတယ်။
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ပထမဆုံး ၁၈ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၄၉ နှစ် အရွယ် ဒေါက်တာဝေါလ်တာချစ်ထွန်းဟာ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်တဲ့ ဗြိတိသျှသူ Barbara Margaret King နဲ့ သားသမီးတွေ ကျန်ရစ်ခဲ့ပါတယ်။
Mawlamyine Daily
ကိုးကား- မင်းယုဝေ ရဲ့ ပထမမြန်မာများ
-မြန်မာ့စွယ်စုံကျမ်း (၂)
-The History of Physical Culture in India
- Origins Define a Future
Kuantan Min Yar Zar
သတိပေးလိုက်ပါရစေ
#သတိပေးလိုက်ပါရစေ
ခုလို ဘောင်းဘီအောက်လျှော ဝတ်တဲ့ အလေ့အထဟာ ထောင်ထဲက စခဲ့တာတဲ့
ထောင်ထဲမှာ အကျဉ်းသားအချင်းချင်း အထာပေးတဲ့ သင်္ကေတတခုပါ တဲ့
အဓိပ္ပါယ်ကတော့
"I'm ready now!" ဆိုပဲ…………
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
Kuantan Min Yar Zar
Subscribe to:
Posts (Atom)