-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Monday, 16 November 2015

** လားရာဂတိ **

“အရှင်ဘုရား … လူတစ်ဦးသေဆုံး၍ တမလွန်ဘ၀ရောက်ရှိသွားချိန်တွင် အကြားအမြင်ဆရာ၊ ဘိုးတော်၊ နတ်ဝင်သည် စသည်တို့က သေဆုံးသူသည် မည်သည့်ဘုံဘ၀သို့ရောက်ရှိနေကြောင်း သွားရောက်မေးမြန်းသူ မိသားစုတို့အား ပြောဆိုဟောပြောနေကြပါသည်။ တပည့်တော်သိလိုသည်မှာ ထိုလူများသည် အမှန်တကယ်သိ၍ပြောနိုင်ခြင်း ဟုတ် မဟုတ်။ ထိုသို့ဟောပြောလိုက်၍ကျန်ရစ်သူမိသားစုအတွက် စိတ်ချမ်းသာမှုနှင့် စိတ်ဆင်းရဲမှု မည်သည်က ပို မပို သိရှိလိုပါသည် ဘုရား…။”

ဖြေ – ဗုဒ္ဓလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ တမလွန်ပညာရှင် ၀င်္ဂီသလုလင်ဟာ ဆ၀ိသီသမန္တန် လို့ခေါ်တဲ့ လူသေဦးခေါင်းမန္တန်ကို အတတ်ပညာတစ်ခုအနေနဲ့ ကျွမ်းကျင်တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အဲဒီမန္တန်စုတ်ပြီး လူသေဦးခေါင်းခွံကို သူ့လက်သည်းနဲ့ခေါက်လိုက်ရုံနဲ့ ဦးခေါင်းပိုင်ရှင်ဟာ ဘယ်ဘုံဘ၀ရောက်နေတယ်ဆိုတာ အတတ်ပြောနိုင်ပါတယ်။ လူတွေကလည်း မှန်လိုက်တာ ဆိုပြီး အခကြေးငွေပေးပြီး သွားရောက်မေးမြန်းကြပါတယ်။ မှန်လိုက်တာ လို့ပြောနိုင်တာကတော့ သေဆုံးသူရဲ့အသက်ရှင်စဉ် လူ့ဘ၀တုန်းက အကြောင်းအရာ အဖြစ်အပျက်တွေပါ တိတိကျကျပြောပြနိုင်လို့ ဖြစ်ပါလိမ့်မယ်။
ဝင်္ဂီသလုလင်က သေဆုံးသူရဲ့လားရာဂတိကို ပြောပြနိုင်တယ်ဆိုပေမယ့် သူကိုယ်တိုင်အမှန်တကယ်သိလို့ပြောပြနိုင်တာ မဟုတ်ပါဘူး။ သေဆုံးသွားသူက မန္တန်တန်ခိုးကြောင့် ရောက်ရာဘ၀ကနေ သူ့ဦးခေါင်းခွံဆီမှာ ပြန်ပူးဝင်ပြီး သူဘယ်ဘ၀ရောက်နေပါတယ်ဆိုတာ ပြန်ပြောပြလို့ တစ်ဆင့်ပြန်ပြောနိုင်တာပါ။ သူကိုယ်တိုင်အလိုအလျောက်သိတာမဟုတ်ဘဲ မန္တန်တန်ခိုးကြောင့် ကာယကံရှင်သေဆုံးသူက လာပြန်ပြောလို့သိတာပါ။ ကိုယ်ပိုင်အသိမဟုတ်ပါဘူး။ တစ်ဆင့်ခံအသိပါ။ ကိုယ်စွမ်းကိုယ်စနဲ့သိတာမဟုတ်ပါဘူး။ ကြားပွဲစားအကူအညီနဲ့သိတာပါ။

မြတ်စွာဘုရားနဲ့တွေ့တော့ ဗုဒ္ဓက ဦးခေါင်းခွံငါးခုကို တန်းစီချထားပြီး ၀င်္ဂီသလုလင်ကို အစဉ်အတိုင်း မေးပါတယ်။
ဒါ ဘယ်သူ့ ဦးခေါင်းခွံလဲ။
ငရဲကျသွားသူရဲ့ ဦးခေါင်းခွံပါ။
ကောင်းပြီ.. ဒါကရော။
တိရစ္ဆာန်ဖြစ်သွားသူရဲ့ ဦးခေါင်းခွံပါ။
မှန်တယ်… ဒီဘက်ကရော
ဒါကတော့ လူဖြစ်နေသူရဲ့ ဦးခေါင်းခွံပါ။
ဟုတ်တယ်…. ဒီဦးခေါင်းခွံကရော
နတ်ပြည်ရောက်သွားသူရဲ့ ဦးခေါင်းခွံပါ။
သာဓု.. သာဓု… ဒီနောက်ဆုံးဦးခေါင်းခွံကရော။
……………………….
နောက်ဆုံးဦးခေါင်းခွံပိုင်ရှင်ရဲ့လားရာဂတိကို ၀င်္ဂီသလုလင်လုံးဝမပြောပြနိုင်တော့ပါဘူး။ မန္တန်တဖွဖွစုတ်ပြီး ဦးခေါင်းခွံကို လက်သည်းနဲ့တဒေါက်ဒေါက်ခေါက်ပေမယ့် လက်သည်းတွေသာပဲ့ပြီး လက်ထိပ်တွေသာနာသွားတယ်။ အဖြေမှန်ကတော့ ထွက်ပေါ်မလာပါဘူး။

အကြောင်းရင်းကတော့ အဲဒီဦးခေါင်းခွံဟာ ရဟန္တာမြတ်ကြီးရဲ့ဦးခေါင်းခွံဖြစ်နေလို့ပါပဲ။ ရဟန္တာဆိုတာ သေဆုံးပြီးရင် ဘယ်ဘ၀ကိုမှ မလားတော့ပါဘူး။ ဘ၀ဇာတ်သိမ်းချုပ်ငြိမ်းသွားပါပြီ။ “သေ” ပြီးရင် “ဆုံး” တဲ့ သေဆုံးသူအစစ်ဟာ ရဟန္တာပါ။ ရဟန္တာကလွဲရင် ဘယ်သူမှ “သေ” ပြီး “မဆုံး” သေးပါဘူး။ ဘ၀ခရီးအသစ်ထပ်ဆက်ရဦးမှာပါ။

ဒါနဲ့ ပဉ္စမမြောက်ဦးခေါင်းခွံရဲ့လားရာဂတိကိုသိတဲ့ မန္တာန်ကိုသင်ချင်ပါတယ်လို့ တောင်းဆိုတဲ့ ၀င်္ဂီသလုလင်ကို မြတ်စွာဘုရားက ရဟန်းဝတ်မှ သင်ပေးနိုင်မယ်လို့ မိန့်ကြားတော်မူလိုက်တဲ့အတွက် ၀င်္ဂီသလုလင်လည်း မန္တန်လိုချင်စိတ်နဲ့ရဟန်းပြုလိုက်ပါတယ်။ ရဟန်းပြုပြီး တရားဘာဝနာအလုပ်အားထုတ်လိုက်တာ မကြာခင်ရက်အနည်းငယ်အတွင်းမှာပဲ အဘိညာဉ်ခြောက်ပါးနဲ့တကွ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူဖြစ်သွားခဲ့ပါတယ်။
အဲဒီတော့မှ ဗုဒ္ဓက “ငါ့သားတော် ၀င်္ဂီသဟာ အခုမှ သတ္တ၀ါတွေရဲ့ စုတိ၊ ပဋိသန္ဓေ (သေဆုံးခြင်း၊ ဘ၀သစ်ဖြစ်ခြင်း) နဲ့ ပတ်သက်ပြီး တကယ့်ကို ကျွမ်းကျင်လိမ္မာသွားပေးတော့တယ်လို့ ချီးကျူးစကားမိန့်ကြားတော်မူပါတယ်။” ဘာဖြစ်လို့လဲဆိုတော့ အဘိညာဉ်ခြောက်ပါးမှာ ဒိဗ္ဗစက္ခုအဘိညာဉ် ပါဝင်နေလို့ပါပဲ။

“နတ်မျက်စိလို့ခေါ်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်” ကို စုတူပပါတဉာဏ် လို့လည်း ခေါ်ပါတယ်။ (စုတိ (သေဆုံးခြင်း) + ဥပပါတ(ဘ၀အသစ်ဖြစ်ခြင်း၊ ပဋိသန္ဓေနေခြင်း) + ဉာဏ်) တို့ကို ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် သိမြင်နိုင်တဲ့ ဉာဏ်လို့ ဆိုလိုပါတယ်။ စုတေနေဆဲ အခိုက်အတန့်၊ ပဋိသန္ဓေနေ နေဆဲ အခိုက်အတန့်လေးတွေ အထိ သိမြင်နိုင်စွမ်း ရှိပါတယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ကို မရတဲ့ သာမာန်ပုဂ္ဂိုလ်တွေကတော့ ပရလောကသားရဲ့ အကူအညီကိုယူပြီး တဆင့်ခံအသိနဲ့ပဲ သိနိုင်ကြပါတယ်။ ယခုခေတ် ဘိုးတော်၊ မယ်တော်၊ နတ်ဝင်သည်တွေက သေဆုံးသူတွေရဲ့လားရာဂတိကိုဟောပြောနေကြတာကတော့ ဒိဗ္ဗစက္ခုအဘိညာဉ်တန်ခိုးနဲ့ ကိုယ်တိုင်သိမြင်လို့ ဟောပြောနေကြတာမဟုတ်ပါဘူး။
တကယ်ဒိဗ္ဗစက္ခုအဘိညာဉ်ရထားတဲ့ပုဂ္ဂိုလ်တွကလည်း ခုလိုလူသိခံ၊ ပိုက်ဆံယူပြိး အလုပ်တစ်ခုလုပ် ဟောပြောနေကြမှာ မဟုတ်ပါဘူး။ ကိုယ်ရထားတဲ့အဘိညာဉ်ကို သိုသိုသိပ်သိပ်လျှို့ဝှက်ထားကြမှာပါ။

ဝင်္ဂီသလုလင်တို့လို သက်ဆိုင်ရာ မန္တန်တစ်ခု သက်ဆိုင်ရာအတတ်တစ်ခုခုတတ်မြောက်ထားဖို့ လိုပါတယ်။ လောကမှာ ကိုယ်မသိ ကိုယ်မတတ်တဲ့ အတတ်ပညာတွေကလည်း အများကြီးရှိတာမို့ ကိုယ်မသိ၊ ကိုယ်မတတ်တာနဲ့ပဲ “မဖြစ်နိုင်ဘူး၊ မဟုတ်နိုင်ဘူး” လို့ အကြောက်အကန်ငြင်းလို့ မဖြစ်နိုင်ပါဘူး။ အတတ်ပညာတစ်ခုခအားကိုးနဲ့ သေဆုံးသူရဲ့
လားရာဂတိကို မှန်မှန်ကန်ကန်ဟောပြောနိုင်တဲ့ အမှန်အကန်ပညာသည်တွေ ရှိနိုင်ပါတယ်။

“အစစ်တစ်ခု၊ အတုတစ်သိန်း” ဆိုတဲ့အတိုင်း “ကိုယ်တကယ်မသိဘဲနဲ့ သိသယောင် ရမ်းဖြီး ရမ်းရွှီးတဲ့ ဖိုးရမ်းတုတ် မရမ်းတုတ် အကြံအဖန်အတတ်ပညာ” သည် တွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒါ့ကြောင့် “ချင့်ယုံ” လို့ပဲ ပြောပါရစေတော့။

“သေဆုံးသူရဲ့လားရာဂတိကို သိရခြင်းကြောင့် ကျန်ရစ်သူတွေမှာ စိတ်ချမ်းသာသွားမလား၊ စိတ်ဆင်းရဲသွားမလား” ဆိုတာကတော့ ကျန်ရစ်သူတွေရဲ့စိတ်ဓါတ်ခိုင်မာမှု၊ စိတ်ဓါတ်ပျော့ညံ့မှုမှာပဲ မူတည်ပါတယ်။

စိတ်ဓါတ်ခိုင်မာသူတွေကတော့ သေဆုံးသူရဲ့လားရာဂတိကို သိသိ မသိသိ တုန်လှုပ်မှုရှိမှာ မဟုတ်ပါဘူး။ စိတ်ဓါတ်ပျော့ညံ့သူတွေကတော့ သေဆုံးသူရဲ့လားရာဂတိကို သိလည်းတုန်လှုပ်မှာပါပဲ။ မသိလည်း တုန်လှုပ်မှာပါပဲ။
“စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။”

“စိတ်ချမ်းသာခြင်းဆိုတာကတော့ စိတ်ဓါတ်ခိုင်မာတဲ့သူတွေရဲ့ မူပိုင်ရတနာထုပ်ကြီးတစ်ခု ဖြစ်ပါတယ်။”
သေဆုံးသူရဲ့လားရာဂတိကိုသိရခြင်းကြောင့် အကျိုးကတော့ မယုတ်ပါဘူး။ ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ် ဖြစ်သွားရင် ကိုယ်ဘာမှမလုပ်ပေးနိုင်ပေမယ့် ပြိတ္တာဘ၀ရောက်နေရင်တော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ အမျှပေးဝေးနိုင်ပါတယ်။ ကိုယ့်ကုသိုလ်အမျှကို သူသာဓုခေါ်ရင် ပြိတ္တာဘုံဘ၀က ကျွတ်လွတ်ပြီး ကောင်းရာသုဂတိကို လားရောက်သွားနိုင်ပါတယ်။

“ကံတရားလေသင့်” လို့ ဘ၀တစ်ခုမှာ ခေတ္တခဏပေါင်းဆုံခွင့် ရကြတယ်။ “ကံတရားလေပင့်” လို့ တစ်ယောက်နဲ့တစ်ယောက် ဝေးလွင့်ခွဲခွာကြရတယ်။ မြစ်ထဲမျောနေတဲ့ ဗေဒါပင်တွေလိုပဲ ကံကြုံရင် ပြန်ဆုံကြမယ်။ ကံသေးရင် ပြန်ဝေးကြမယ်။ ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့ မရသလို ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလကားပါးပဲ။ ကိုယ့်ကံနဲ့ ကိုယ်ခရီးနှင်။ သူကံနဲ့ သူခရီးနှင်။

ဒါပဲပေါ့။ ဘာစိတ်ဆင်းရဲစရာလိုလို့လဲ။ တွဲခွင့် ကြုံတုန်း ကိုယ့်တာဝန်ကိုယ်ကျေ၊ သူတာဝန်သူကျေ ပြီးပြီပေါ့။ ခွဲခွင့် ကြုံခါမှတော့ လွမ်းမနေနဲ့တော့။ အပိုပါပဲ။
သိခြင်း၊ မသိခြင်းမှာ သိခြင်းကြောင့် အကျိုးဆုတ်ယုတ်သွားနိုင်စရာ အကြောာင်းမရှိပါဘူး။ ကောင်းကျိုးဆိုးကျိုးဟာ ကိုယ်သိတဲ့ အသိအပေါ်မှာ ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အချက်ပေါ်မှာပဲ မူတည်ပါတယ်။

အရှင်ဆန္ဓာဓိက ရေးသားတော်မူသော ..ရည်စူးကုသိုလ်လက်ကမ်းစာအုပ်မှ

No comments:

Post a Comment