Tuesday, 24 November 2015
၂၁ ရာစု ဗာဟိရဒါရုစီရိယကို ကိုးကွယ်ကြသူများ [ဓမ္မသုတေသီ(မန္တလေး)]
၂၁ ရာစု ဗာဟိရဒါရုစီရိယကို ကိုးကွယ်ကြသူများ [ဓမ္မသုတေသီ(မန္တလေး)]
------ ------ ------ ------ပြီးခဲ့တဲ့အပတ်ကမိမိ၏မိတ်ဆွေရဟန်းအချို့နဲ့အတူရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို လေ့လာရေးခရီးသွားရောက်ဖြစ်ခဲ့ပါတယ်။ တောင်ကြီးမြို့ကိုရောက်ပြီး နောက်တစ်ရက်မှာ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့၊ ရှေးဟောင်းသမိုင်းဝင် ထမ်းဆမ်းလှိုဏ်ဂူကို ဒေသခံတချို့က လိုက်ပို့ပေးလို့ အင်မတန်သာယာလှပလွန်းတဲ့ တောင်တန်းကြီးတွေကို ဖြတ်ကျော်ပြီး ထမ်းဆမ်းဂူသို့ ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာထူးခြားတာက လာရောက်လည်ပတ်သည့် ဧည့်သည်တိုင်းအသားငါးများကို ထိုနယ်နိမိတ်အတွင်းကို လုံးဝယူဆောင်ခွင့်မရှိပါဘူးတဲ့။ လာသမျှဧည့်သည်တိုင်းကို ထမင်းဖြူ၊ ဖရုံသီးရေလုံပြုတ်နဲ့ ကျွေးမွေးဧည့်ခံနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါနဲ့မိမိလည်းဒေသခံတစ်ချို့ကိုမေးမြန်းကြည့်တော့ ဒီလိုကျွေးမွေးတာကဒီမြို့မှာရှိတဲ့ တန်ခိုးကြီးပြီးရဟန္တာနီးပါး သမုတ်ထားကြသည့် ဟိုပုံးကိုရင်လေးရှင်ပေါရိဿ၏ အလှူတော် ဖြစ်ပါတယ်တဲ့။
နေ့စဉ်နေ့တိုင်းဒီလိုကျွေးမွေးနေသည်ဟုလည်းသိခဲ့ရပါတယ်။ ဒေသခံတွေကတော့ အားရပါးရသုံးဆောင်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ မိမိအပါအဝင် မိတ်ဆွေရဟန်းအချို့ကတော့ မွေတော်ကက္ကူမှာ ကြိုတင်ပြီးဆွမ်းဘုဉ်းပေးခဲ့လို့ အဆင်ပြေသွားသည်ဟုပြောရမည် ဖြစ်ပါတယ်။
ထမင်းကျွေးမွေးတဲ့ အဆောင်တွေကိုလေ့လာပြီးလှိုင်ဂူရှိရာဆီသို့ ရှေဦးလှည့်မိကြတော့ လမ်းဘေးဝဲယာမှာလက်နက်ကိုင် ပအို့ဝ်စစ်သားအများအပြားကို တွေ့မြင်ခဲ့ရပါတယ်။ မိမိအတွက် ပို၍အံသြစရာကောင်းသည်ကားလှိုင်ဂူအပေါက်ဝ၏ ညာဘက်ခြမ်းတွင် ပအို့ဝ်ရဟန်းတော်တစ်ချို့နဲ့ ကိုရင်တစ်ချို့က သာသနာပြုရန်ပုံငွေ အရောင်းဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်ခန်းလေးမှာ ဟိုပုံးကိုရင်လေးသိဒ္ဓိတင်ထားသည်ဟုဆိုသော ရွှေရောင် လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးများကို ကိုယ်တိုင်ရောင်းချနေသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ထို ပအို့ဝ်ရဟန်းတော်များက မည်သူမျှဂရုမစိုက် အေးအေးလူလူပင် ဈေးဝယ်ဒကာ၊ ဒကာမများအားရောင်းချပေးနေသော်လည်း မိမိမှာတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို မျက်နှာပူလွန်းလို့ လှိုဏ်ဂူထဲသို့ ခြေလှမ်းခပ်ကြဲကြဲဖြင့်ဝင်ရောက်ခဲ့မိပါတယ်။ဂူထဲရောက်တော့လည်းအလှူခံဖလားတွေခုံပေါ်တင်ပြီးထိုင်စောင့်နေသည့် ပအို့ဝ်ရဟန်းတော် တစ်စုကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။
လှိုဏ်ဂူထဲမှာရှိတဲ့ ကျောက်ပန်းဆွဲအချို့ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်နေတုန်း မိမိနှင့်အတူပါလာသည့် ဒေသခံတချို့က မိမိအနီးအပါးကိုရောက်လာပြီး အားရဝမ်းသာနဲ့ “အရှင်ဘုရားကံထူးလို့ ဟိုပုံးကိုရင်လေးကို ဖူးခွင့်ရတော့မယ်ဘုရား”လို့ လျှောက်တင်ကြရင်း ဟိုပုံးကိုရင်လေးရှိရာကို ပင့်ဆောင်သွားကြပါတယ်။ မိမိလည်း မြင်ဖူးတယ်ရှိအောင် လိုက်ကြည့်မိတော့ အလို ဘုရားရေ၊ အသက်လေးဆယ်ကျော်အရွယ်ရှိ ကိုယ်တော်တစ်ပါး ခါးမှာပစ္စတိုသေနတ် နှစ်လက် ချိတ်လို့၊ (တစ်လက်ကရွှေရောင်၊ တစ်လက်ကငွေရောင်ဖြစ်ပါတယ်) လည်ပင်းမှာ ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ပုတီးတစ်ကုံးစွတ်ထားပြီး ခန္ဓာကိုယ်မှာတော့ ဘုရားအရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကိုဝတ်ရုံထားတဲ့ ရဟန်းလား ကိုရင်လား သေသေချာချာ ဆုံးဖြတ်ရခက်သည့် ဒေသခံတို့ အခေါ်ဝေါ် ဟိုပုံးကိုရင်လေးဆိုသူကို တွေ့မြင်ခဲ့ရပါတယ်။ သူ့ဘေးမှာလည်း လက်နက်ကိုင် ပအို့ဝ်စစ်သားခြောက်ယောက်က ဝိုင်းဝန်းထားပြီး လုံခြုံရေး စောင့်ရှောက်နေကြပါတယ်။ လာသမျှ ဧည့်သည်တွေက ထို ဟိုပုံးကိုရင်လေးဆီကိုသွားပြီး ပိုက်ဆံငါးထောင်၊ တစ်သောင်းအစရှိသည်ကို လှူဒါန်းပူဇော်ပြီး သူတို့ဦးခေါင်းကို ထို ပုဂ္ဂိုလ်ကလက်ဖြင့်ပွတ်ပေးကာ ဆုပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
မိမိတားမြစ်နေသည့်ကြားကပင် မိမိ၏ ဒကာမအချို့မှာ ရောယောင်ပြီးသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ မိမိမြင်တွေ့ခဲ့ရသလောက် ငါးထောင်တန်၊ တစ်သောင်းတန်၊ တစ်ထောင်တန် အစရှိသည့် ပိုက်ဆံများမှာ ထိုပုဂ္ဂိုလ်၏ ဘေးတွင် အစုလိုက်၊ အပုံလိုက် ရှိနေသည့်အပြင် ပီနံအိတ်နှင့်ပါ စစ်သားများကထည့်သိမ်းနေသည်ကို မြင်တွေ့ခဲ့ရပါတယ်။ သို့သော် ထိုဟိုပုံးကိုရင်လေးကို ဧည့်သည်များကဓာတ်ပုံရိုက်ခွင့်ကိုကား ပအို့ဝ်စစ်သားများက လုံးဝခွင့်မပြုပေ။ သူ့အရပ်နှင့်သူ့ဇာတ် အဆင်ပြေစွာကနေသည်ဖြစ်သော်လည်း မိမိမှာမူ မဆီမဆိုင် ထို အလိမ်ခံ၊ အလှည့်စားခံ ဒကာ၊ ဒကာမများကိုယ်စား စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ အပြန်လမ်းမှာတော့ မိမိတို့ကိုကားမောင်းပို့ သောကားဒရိုင်ဘာကို မေးမြန်းစုံစမ်းကြည့်တော့ ထိုဟိုပုံးကိုရင်လေးက ဒီဟိုပုံးနယ်တစ်ဝိုက်မှာ အာဏာအရှိဆုံးဖြစ်သလို၊ တန်ခိုးအကြီးဆုံးလည်း ဖြစ်ပါတယ်တဲ့။ ထိုဟိုပုံးကိုရင်လေးက ဧကများစွာသောဘိန်းစိုက်ခင်းတွေ ပိုင်သည့်အပြင်၊ သစ်ခိုးထုတ်တဲ့ ခရိုနီတွေ စီးပွားရေးသမားတွေက သူ့ကိုလစဉ်ကြေးပေးရပါတယ်တဲ့။ အဲဒီကရတဲ့ ငွေတွေနဲ့ သူ့ပအို့ဝ်စစ်သားတွကို ထောက်ပံ့တယ်၊ ပြီးတော့ အများမြင်ကောင်းအောင် ဘုရားတည်ပေးတယ်တဲ့။
တကယ်တော့ သူ့နယ်တစ်ဝိုက်မှာသက်သက်လွတ်နဲ့ ထမင်းကျွေးမွေးတယ်ဆိုတဲ့ ကောင်းကွက်ကလေးတခုကို အကာအကွယ်ယူပြီး မကောင်းမှုဒုစရိုက်တွေကို ပြုမှုဆောင်ရွက်နေတဲ့သူ၊ လာသမျှလူအပေါင်းကို လိမ်ညာလှည့်ဖျားပြီး ပိုက်ဆံတောင်းနေတဲ့သူဆိုတာ အဲဒီနယ်မှာရှိကြတဲ့ ဒေသခံတွေက လုံးဝ မသိရှိကြပါဘူး။ မိမိဆက်ဆံကြည့်သလောက် ပအို့ဝ်တိုင်းရင်းသားတွေက ထေရဝါဒဗုဒ္ဓဘာသာကို တကယ်မြတ်နိုးကိုးကွယ်ကြ သလို ရဟန်း၊ သံဃာတွေနဲ့ပတ်သက်ရင်လည်း အင်မတန်မှ လေးစားကြည်ညိုကြတဲ့သူတွေပါ။ သို့သော် စာဖတ်အားနည်းကြသည့်အပြင် ကိုယ်ပိုင်စဉ်းစားတွေးခေါ် တက်မူသိပ်မရှိကြတဲ့အတွက် ထိုကဲ့သို့ အလိမ်အညာလုပ်ဇာတ်ကြီးကို ဘုရားတမျှ ကိုးကွယ်ဆည်းကပ်နေကြတာပါ။ လူသတ်လက်နက်ဖြစ်တဲ့ ပစ္စတိုနှစ်လက် ခါးမှာချိတ်ပြီး ဘိန်းစိုက်တဲ့ ကိုယ်တော်က သက်သက်လွတ် စားပြရုံနဲ့ ရဟန္တာလိုလို၊ ဘာလိုလိုယုံကြည်သွားကြတဲ့ ပအို့ဝ်တိုင်းရင်းသားတွေရဲ့ သဒ္ဓါတရားဟာအင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ ဒီအဖြစ်အပျက်လေးနဲ့ ပတ်သက်ပြီး (အံ-၁-ပါ-၂၅၊ ဋ္ဌ-၂၁၇) မှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ဗာဟိယဒါရုစီရိယမထေရ်ရဲ့ ဇာတ်လမ်းအကျဉ်းကိုပြောပြချင်ပါတယ်။
တခါတုန်းကဗာဟိယတိုင်းသားဖြစ်တဲ့ ဗာဟိယအမည်ရှိ ကုန်သည်တစ်ယောက်ဟာ ကုန်သွယ်ဖို့ရန် သင်္ဘောဖြင့် သမုဒ္ဒယာခရီးကို သွားခဲ့ပါတယ်။ လမ်းတဝက်မှာ သင်္ဘောမှောက်တော့ ဗာဟိယကုန်သည်လည်း သင်္ဘောပျက်ပေါ်ကမျှောလာတဲ့ ပျဉ်ချပ်များကိုတွယ်ဖက်ပြီး ရေးစီအတိုင်းလိုက်ပါလာရင်း အသက်ရှင်ခွင့် ရရှိခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ သုပ္ပါရကဆိုတဲ့ သင်္ဘောဆိပ်တခုအနီးမှာ သောင်တင်ခဲ့ပါတယ်။ ဗာဟိယရဲ့ အဝတ်အစားတွေက ရေစီးထဲမှာမျှောပါပျောက်ကွယ်ကုန်လို့ သူဖက်တွယ်လာတဲ့ ပျဉ်ချပ်များကို ဖြုတ်ပြီး ကြိုးနဲ့တွဲချည်၍ ခါးမှာရစ်ပတ်ထားလိုက်ပါတယ်။ ထို့နောက် အစားအသောက် တောင်းရမ်းစားသောက်ဖို့ ကမ်းစပ်အနီးရှိရွာထဲကို ဝင်ခဲ့ပါတယ်။ သုပ္ပါရကရွာသူရွာသားတွေက ပျဉ်ချပ်တွေခါးမှာ အရှက်လုံပတ်ချည်ထားပြီး ခွက်တလုံးကိုင်ထားတဲ့ ဗာဟိယကို မြင်တဲ့အခါ ခြိုးခြံတဲ့အကျင့်ကိုကျင့်နေတဲ့ ရဟန္တာတပါးလို့ ထင်မှတ်ပြီး ကြည်ညိုသဒ္ဓါပွားကာ မွန်မွန်မြတ်မြတ် အစားအသောက်တွေကို လှူဒါန်းကြပါတော့တယ်။ ဒါ့အပြင် ရွာသားတွေကဗာဟိယကို ရွာထိပ်ကဇရပ်မှာ သီတင်းသုံးနေထိုင်ပေးဖို့ တောင်းဆိုကြပါတယ်။ ဗာဟိယလည်း ချော်လဲရောထိုင်ရင်း ရွာသူရွာသားတွေ ရိုသေလေးစွာ ပြုစုလုပ်ကျွေးသည်ကို အခန့်သားခံယူပြီး စံစားနေပါတော့တယ်။
လူတွေကရဟန္တာဆိုပြီး ကိုးကွယ်ဆည်းကပ်ကာ ခေါ်ပြောသံတွေ ကြားရဖန်များတော့ ဗာဟိယလည်း သူ့ကိုယ်သူစိတ်ကြီးဝင်ပြီး ရဟန္တာလို့ ထင်မှတ်လာခဲ့ပါတယ်။ လောကတွင် ရဟန္တာရှိ၏ ထိုရဟန္တာတို့တွင် ငါသည် တပါးအပါအဝင်ဖြစ်၏ဟု ထင်မှတ်နေပါတော့တယ်။ ဒါကြောင့်ပင် ရရှိလာတဲ့ အဝတ်အစားများကို မဝတ်တော့ဘဲ ပျဉ်ပြားကိုခါးမှာပတ်ပြီး ရဟန္တာအဖြစ်နေထိုင်ပါတော့တယ်။ ဗာဟိယဟူသောမူလနာမည်တွင် ဒါရုစီရိယဆိုတဲ့ ဂုဏ်ပုဒ်ကိုပေါင်းထည့်ကာ လူအများကသူ့ကို ဗာဟိယဒါရုစီရိယလို့ ခေါ်ကြပါတော့တယ်။ ဒါရုစီရိယဟူသည်မှာ မြန်မာလို ပျဉ်ချပ်ကိုဝတ်ဆင်သောသူဟု အဓိပ္ပါယ်ရပါတယ်။ ရဟန္တာအကျင့်ကိုမကျင့်ပါဘဲ ရဟန္တာရယ်လို့ သူ့ကိုယ်သူစိတ်ကြီးဝင်နေတဲ့ ဗာဟိယဒါရုစီရိယ၏ အဖြစ်ကို ကဿပဘုရားရှင်လက်ထက်က သူနဲ့အတူရဟန်းအဖြစ်ဖြင့် တရားကျင့်ပြီး ဗြဟ္မာ့ဘုံရောက်နေတဲ့ ဗြဟ္မာကြီးက မြင်တွေ့သွားခဲ့ပါတယ်။အနာဂါမ်ဖြစ်နေတဲ့ သူရဲ့သူငယ်ချင်း ဗြဟ္မာကြီးကစိတ်ကြီးဝင်နေတဲ့ ဗာဟိယကိုအပါယ်မလားဖို့ရန် တညတွင် ကိုယ်ထင်ပြပြီး အောက်ပါအတိုင်းသတိပေးစကား ပြောကြားခဲ့ပါတယ်။ “အချင်းဗာဟိယ သင်ဟာ ရဟန္တာ မဟုတ်သေးဘူး။ သင့်မှာ ရဟန္တာဖြစ်နိုင်တဲ့ အကျင့်လည်း မရှိသေးဘူး။ ဒါကြောင့် သင်၏ အယူမှားခြင်းကို စွန့်ပစ်လော့။ ငါသည် ဗြဟ္မာဘုံမှ ဗြဟ္မာကြီးတဦးဖြစ်ပါတယ်။ ငါသည် ဘဝတခုမှာ သင်နှင့်အတူ တရားကျင့်ခဲ့ဖူးတဲ့ မိတ်ဆွေဖြစ်လို့ အခုလိုသတိပေးစကားပြောရခြင်းဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဗြဟ္မာကြီးကို ကိုယ်တိုင်မြင်ရပြီး ဗြဟ္မာကြီးစကားကို ကြားလိုက်ရတဲ့အခါ ဗာဟိယတယောက် အင်မတန်တုန်လှုပ်သွားပြီး သူ့အမှားကိုချက်ချင်းဆင်ခြင်မိကာ ဗြဟ္မာကြီးကို “အရှင်ဗြဟ္မာမင်းကြီး လောကမှာ ရဟန္တာရှိပါသလား၊ မည်သည့်အရပ်တွင် ရှိသနည်း၊ အကျွန်ုပ်အားလမ်းညွှန်ပါလော့“ဟုမေးမြန်းခဲ့ပါတယ်။ ဗြဟ္မာကြီးကလည်း မြတ်စွာဘုရားရှင်ရှိရာ သာဝတ္ထိပြည်ကိုလမ်းညွှန်လိုက်လို့ ဗာဟိယတယောက် ဘုရားရှင်ဆီရောက်ပြီး ပါရမီဓာတ်ခံရှိသူပီပီတရားနာယူကာ ရဟန္တာအဖြစ်ကို ရောက်ရှိသွားပါတယ်။ သို့သော်လည်း ရဟန်းအဖြစ်ကိုကား မရရှိသေးပေ၊ ဒါကြောင့် မြတ်စွာဘုရားထံမှာ ရဟန်းပြုခွင့်တောင်းသောအခါ ဘုရားရှင်ကသပိတ်၊ သင်္ကန်းရှာခိုင်းခဲ့ပါတယ်။ ဗာဟိယလည်းသပိတ်၊ သင်္ကန်းအရှာထွက်ရင်းလမ်းမှာ ဘီလူးမဝင်ပူးနေတဲ့ နွားမတစ်ကောင်ကသူ့ကို ဝှေ့သတ်လိုက်လို့ ရဟန္တာဖြစ်သော်လည်း သင်္ကန်းဝတ်ခွင့်မရလိုက်ဘဲ ပရိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်။
ဒီဗာဟိယဒါရုစီရိယဇာတ်လမ်းနှင့် ရှမ်းပြည်နယ် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့မှာမိမိကြုံတွေ့ခဲ့ရတဲ့ ဟိုပုံးကိုရင်လေးရဲ့ လက်ရှိပြုမှု ကျင့်သုံးနေတာတွေဟာ အားလုံးနီးပါး အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ၂၁ရာစု ဗာဟိယဒါရုစီရိယဖြစ်တဲ့ ဟိုပုံးကိုရင်လေးဆိုသူဟာ ဒေသခံပြည်သူတွေရဲ့ပညာမပါတဲ့ မျက်ကန်းယုံကြည်မှု သဒ္ဓါတရားကိုအလွဲသုံးစားလုပ်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို ညစ်နွမ်းအောင်၊ အရောင်တွေ မှေးမှိန်အောင် ပြုလုပ်နေတဲ့ သာသနာ့နွယ်ဝင် အတုအယောင်တပါးသာဖြစ်တယ်ဆိုတာ ပညာရှိသူတိုင်းသိရှိနိုင်ပါတယ်။ မျောက်ပြပြီးဆန်တောင်းတဲ့ လုပ်ရပ်တွေဟာမိမိတို့ ထေရဝါဒဗုဒ္ဓဘာသာမှာ အတွေ့မြင်ရဆုံး ဖြစ်ပါတယ်။ ထို့အပြင် အများစုသောထေရဝါဒဗုဒ္ဓဘာသာဝင်တို့ဟာ သင်္ကန်းပတ်ထားလျှင် ကြည်ညိုစရာဟုယုံကြည်ထားကြသည့် အင်မတန် ရိုးအလွန်းတဲ့ စိတ်ဓာတ်တွေကြောင့် မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာဟာ တဖြည်းဖြည်းဆုတ်ယုတ်လာကိုလည်း သတိပြုစေချင်ပါတယ်။ ထို အလဇ္ဇီပုဂ္ဂိုလ်တို့၏ လုပ်ရပ်တွေကြောင့် မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာဟာ အရှက်ရစရာ ဂုဏ်သိက္ခာမဲ့စရာတွေ အများအပြားကို တွေ့မြင်နေရပါပြီ။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိဆရာတော်၊ သံဃာတော်များအနေဖြင့် ယခုကဲ့သို့ သာသနာကိုညစ်နွမ်းအောင် ပြုမှုဆောင်ရွက်နေသူများကို ကိုးကွယ်သူဒကာ၊ ဒကာမများသာသနာအပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်လာခင် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးသင့်ပါတယ်။ သာသနာတော်ကို အကြည်ညိုပျက်ပြီဆိုတာနဲ့ သာသနာတော်ကို ထောက်ပံ့ပေးကမ်း လှူဒါန်းကြတော့မှာ မဟုတ်ပါဘူး။ သစ်ပင်တစ်ပင်ဟာ ရေမြေဆီသြဇာမရရှိရင် ကောင်းစွာမရှင်သန်နိုင်ခြင်း၊ ခြောက်ကပ်ညှိုးနွမ်းပြီးသေဆုံးရခြင်းဆိုတဲ့ အကျိုးတရားများကို ဖြစ်စေသလို ဒကာ၊ ဒကာမများရဲ့ ထောက်ပံ့ပေးကမ်းလှူဒါန်းမှုကိုမရရှိတော့ဘဲ သာသနာတော်ကြီးအနေနဲ့ စင်စင်ကြယ်ကြယ် ရေရှည်တည်တံ့နိုင်မှာမဟုတ်ပါဘူး။
တဖက်တွင်လည်း ဒကာ၊ ဒကာမများအနေဖြင့် ထိုကဲ့သို့ သာသနာကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေသူများ၊ သာသနာကိုပျက်စီးအောင် စော်ကားနေသူများကို မကြည်ညို မကိုးကွယ်သင့်ပါဘူး။ အယုတ်စွဆုံး အားပေးအားမြှောက်မှုကို ဖြစ်စေမည့် ပေးကမ်းလှူဒါန်းခြင်းကိုပင် မပြုမိစေဖို့ အထူးပင် လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ဓမ္မသုတေသီ(မန္တလေး)qqq
Subscribe to:
Post Comments (Atom)
No comments:
Post a Comment