Tuesday, 8 December 2015
ဘုရားခန်းနှင့် အောက်ထပ်
ဘုရားခန်းနှင့် အောက်ထပ်
═══════════════════
အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများမှာ အပြစ်ရှိပါသလား ။ သို့မဟုတ် အောက်ထပ်၌ ဘုရားခန်းထားသူများက အပြစ်ရှိပါသလား ။ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား ။
ဒေါ်တင်တင် ရန်ကင်း
အထက်ထပ်၌နေသည်ဖြစ်စေ ၊ အောက်ထပ်၌ နေသည်ဖြစ်စေ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြသော ဓမ္မတာ ဖြစ်ရသည် ။ အောက်ထပ်ဖြစ်၍ ဘုရားခန်းမထားသင့် ၊ မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ ။ မိမိတို့ နေထိုင်ရာနေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည် ။ ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌နေသူတို့အတွက်လည်း မရိုမသေပြုမူသည်မမည် ။ ပကတိနေမြဲတိုင်းနေပါ ။ အပြစ်ဖြစ်စရာ အကြောင်းမရှိချေ ။
သာဓကအနေဖြင့်ဆိုရသော် ဥတ္တရာသတို့သမီးသည် မိမိခင်ပွန်းဖြသ်သူက ဗုဒ္ဓရှင်တော်မြတ်အား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာကို အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည် ။ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနှစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည် ။ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြာသာဒ်အောက်ထပ်၌ ကြွရောက်ချီးမြှင့်ခဲ့ပါသည် ။
ထို့ကြောင့် အိမ်အောက်ထပ်၌နေထိုက်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏ ။ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အဝတ်မျက်နှာကြတ် စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည် ။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment