-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Saturday, 26 March 2016

လူမထွက်တဲ့ ရဟန်း


လူမထွက်တဲ့ ရဟန်း
    ==============
ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊(ရဟန်းဘ၀ ရခဲလှ)တဲ့၊ ရခဲ့တဲ့ဘ၀မို့ အကြာကြီး မ၀တ်နိုင်သူတွေတောင် (၇)ရက်ဖြစ်ဖြစ် ၀တ်လေ့ရှိကြတယ်။ ရဟန်းဘ၀မှာ အမြဲနေတဲ့ စာသင်ရဟန်းတစ်ပါးကို မိဘကအစ ဆွေမျိုးဒကာ၊ဒကာမအားလုံး ဘယ်သူမှ လူမထွက်စေချင် ကြတာ ထုံးစံပါ။

ဒါကလဲ အေးချမ်းတဲ့ဘ၀ကနေ သောကတွေနဲ့ပူလောင်တဲ့ လူ့ဘ၀ထဲကို မလာစေချင်တဲ့ စေတနာကြောင့်ရယ်ပါ။

ဘုရားခေတ်က သာနုဆိုတဲ့ ကိုရင်တစ်ပါးရှိခဲ့တယ်။ သူဟာ ကျင့်ဝတ်တွေ ကျေပွန်တဲ့ ကိုရင်လိမ္မာလေး တစ်ပါးပါ။သူ့မှာ ဘ၀ဟောင်းက မိခင်တော်ခဲ့တဲ့ ဘီလူးမတစ်ယောက်ရှိတယ်။
သာနုကိုရင်ရဲ့မယ်တော်ဟောင်းဖြစ်တဲ့ဘီလူးမကို ဘယ်နေရာသွားသွား ကိုရင်မယ်တော် ကိုရင်မယ်တော်ဆိုပြီး တန်ခိုးကြီးနတ်တွေကတောင် နေရာပေးကြတယ် လမ်းဖယ်ပေး ကြတယ်တဲ့။

လူ့လောကမှာလဲ ဒီအတိုင်းပါပဲ ရဟန်းမယ်တော်ဆိုရင် အားလုံးက မျက်နှာသာပေးကြပါတယ်။ စာတတ်ရဟန်း၊ ဓမ္မကထိကရဟန်းရဲ့ မယ်တော်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

တနေ့ သာနုကိုရင် မပျော်လို့ လူထွက်ချင်လာတယ်။ ဘီးလူးမဟာ ကိုရင် လူထွက်မယ်ဆိုတာ ကြားရော ကိုရင်ကိုဝင်ပူးပြီး ခေါင်းကို နောက်ပြန်လှည့်ထားတယ်တဲ့။ လူထွက်ရင် ဒုက္ခရောက်မယ် လို့လဲ ခြိမ်းခြောက် လိုက်တယ်။ အဲဒါနဲ့ပဲ ကြောက်ကြောက်နဲ့ သာနု လူမထွက်ဖြစ်ပဲ မြဲသွားတယ်။ နောက်တော့ ဓမ္မကထိကတွေဖြစ်ပြီး ရဟန္တာဘ၀နဲ့ ပရိနိဗ္ဗာန်ပြုသွားတယ်။

အခုခေတ်မှာလဲ တချို့ခမည်းတော်တွေက် ဦးဇင်း ထွက်ရဲထွက်ကြည့်နော်။ တနေကုန် ကျွဲနဲ့ရုန်းရမယ် ဆိုပြီး ခြိမ်းခြောက်တတ်ကြတယ်။ တကယ် မထွက်စေချင် ငြိမ်းချမ်းစေချင်တဲ့ မိဘတို့ရဲ့ မေတ္တာနဲ့ ပြောတဲ့စကားပါ။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ………………။ ပါရမီကုန်လို့လား၊ အကြောင်းမကောင်းလို့လား၊ ဘာ့ကြောင့်ရယ် လားလို့တော့ အတိအကျမသိရပေမယ့် သူငယ်ချင်းတွေထဲမှာ အတော်ဆုံး၊ အနေအထိုင်အကောင်းဆုံး ရယ်လို့အားလုံးက အသိအမှတ်ပြုထားတဲ့ ရဟန်းတစ်ပါး လွန်ခဲ့တဲ့တစ်နှစ်က လူထွက်သွားတော့ မိမိတို့တဖွဲ့လုံး အံ့သြမဆုံး။

သူ့မိဘ ဆွေမျိုးတွေဆို မျက်ရည်နဲ့ မျက်ခွက်။
ဘယ်သူမှ လူထွက်မယ် မထင်ထားတဲ့ အနေရိုးတဲ့ကိုယ်တော်လေး။ ဒါပေမယ့် ငယ်ဖြူရဟန်းအတော်များများ ကြောက်လန့်တဲ့ လူ့လောကကို ခရာမှုတ်သံတချက် မပေးပဲ သူခြေချသွားတယ်။ သြော်……… သူလဲလေ လောကီသားပေမို့လေ…..။လို့သာ စိတ်ထဲ ပြောလိုက်မိတော့တယ်။

မကြာသေးခင်ကာလက မေတ္တာရှင်(ရွေပြည်သာ)လူဝတ်လဲသွားတဲ့သတင်း ကြားမိကြမှာပါ၊ အစက မဖြစ်နိုင်လောက်ဘူးလို့ ထင်ပေမယ့် ကြေးမုံသတင်းစာထဲ ပါလာမှ တကယ်ပါလားလို့ လက်ခံမိတယ်။ ဆရာတော်က ပရဟိတစိတ်နဲ့အပြည့်နဲ့လောကအကျိုးသယ်ပိုး နေသူမို့ သာသနာအတွက်ရော သူ့ကို မှီခိုနေသူတွေအတွက်ပါ နှမြောမိပါတယ်။ လူဝတ်နဲ့ ပရဟိတလုပ်လို့ ရနိုင်တယ်ဆိုပေမယ့် ရဟန်းဝတ်နဲ့ လုပ်တာလောက်တော့ ထိရောက်မှု ရှိမှာမဟုတ်ပါဘူး၊ ကျယ်ကျယ်ပြန့်ပြန့်လဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိ ပါတယ်။

တကာတစ်ယောက်က ဆရာတော်လူဝတ်လဲတာနဲ့ ပါတ်သက်ပြီး ""တပည့်တော် အံ့သြလို့ မဆုံးဘူးဘုရား၊ နှမြောလဲ အရမ်းနှမြောတယ်။ တပည့်တော် ဒီဆရာတော် လူမထွက်တော့ဘူးလို့ ထင်ထားတာ "" လို့ ပြောလာပါ တယ်။

မိမိကတော့ နှမြောမိပေမယ့် မအံ့သြတော့ပါဘူး၊ အဲလို ထူးချွန်တဲ့ရဟန်းတွေ လူဝတ်လဲသွားတာ မြင်ဖူးသလို ဘုရားဟောတဲ့ လူမထွက်ရဟန်းထဲမှာ မေတ္တာရှင် မပါဘူးဆိုတာလဲ သိထားလို့ပါ။

ဘာပဲဖြစ်ဖြစ် ဆရာတော်(အခု တကာတော်)ဟာ မိမိတို့ မစွမ်းဆောင်နိုင်တာတွေ အများကြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ပရဟိတလုပ်ငန်းစဉ်တွေ ဆက်လက်လည်ပတ်နိုင်အောင်လဲ သန္ဓေပျိုး မျိုးစေ့တွေ ချပေးခဲ့ပါတယ်။ လူထွက်သွားပေမယ့် မိဘတွေ အတွက်တော့ ဂုဏ်ယူစရာ သားကောင်းတစ်ယောက် အဖြစ် ရှိနေဆဲပဲ လို့ မြင်ပါတယ်။ ရဟန်းဘ၀နဲ့တစ်သက်လုံး မနေခဲ့ရတာတော့ သူ့ရဲ့ပါရမီနဲ့ဆိုင်ပါလိမ့်မယ်။
ဒီနေရာမှာ မေတ္တာရှင် လူမထွက်တော့ဘူးလို့ ထင်ထားတာဘုရား လို့ လျှောက်လာတဲ့တကာရဲ့ စကားကို ပြန်ကြည့်ကြရအောင်ပါ။

အင်္ဂုတ္ထိုရ်မှာ (အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု သိက္ခံ ပစ္စက္ခာတုံ။) ရဟန္တာသည် သိက္ခာချ လူထွက်ခြင်းငှာ မထိုက်။(ရဟန္တာရဟန်း ဘယ်တော့မှ လူမထွက်) လို့ ပြဆိုထားပါတယ်။ ဒါက ပါဠိတော်ဆိုတော့ ဘုရားစကား အစစ်ပါ။ လူမထွက်ဘူးလို့ ဘုရားအာမခံတဲ့ထဲမှာ သောတာပန် သကဒဂါမ်တောင် မပါပါဘူး၊
ရဟန္တာကိုသာ မြတ်စွာဘုရား လုံးဝ လူမထွက်ဘူးလို့ အာမခံထားပါတယ်။

ဒီတော့ ပုထုဇဉ်ရဟန်း လူထွက်တာ စာပေအရ ပြောတမ်းဆို၇င် ဘာမှ အံ့သြစရာမဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ ဓမ္မကထိက လူထွက်နိုင်သလို ပဌမကျော်လဲ လူထွက် နိုင်ပါတယ်။ စာတတ်ပုဂ္ဂိုလ်၊ တရားပြရဟန်း အကုန်လုံး ရဟန္တာမဖြစ်သေးရင် လူထွက်နိုင်တာပါပဲ။ ကုန်ကုန်ပြောရင် တိပိဋကဓရလဲ ပုထုဇဉ်သာ ရှိသေးလို့ စိတ်မချရသေးတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။

တခါက ရွာတစ်ရွာမှာ အသက်(၈၀)အရွယ် ဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်နေသတဲ့။ တနေ့ ဆရာတော်ဟာ ကြေးစဉ်ကို အဆက်မပြတ် အကြိမ်များစွာ တီးလိုက်တယ်။ ရွာသားတွေက ဆရာတော် ပျံတော်မူပြီ အထင်နဲ့ ကျောင်းကို ပြေးတက်လာကြတယ်၊ (တောရွာများမှာ ဘုန်းကြီးပျံလျှင် ကြေးစည်တီးတဲ့ အလေ့ရှိပါတယ်။)
ဒါပေမယ့် ဆရာတော်က မပျံဘူး၊ ပလ္လင်ကြိးပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ ရွာသားတွေလဲ ဘာများ အရေးကြီးစကား ပြောမလဲ မသိဘူး ဆိုပြီး ငြိမ်နေကြတယ်။

လူလဲစုံရော ဆရာတော်က ချောင်းတချက်ဟန်းပြီး စကားစပြောတယ်။ ငါ ဒီနေ့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ။ အဲဒီဆုံးဖြတ်ချက်ကို တကာတို့ကို အသိပေးချင်လို့ ခေါ်လိုက်တာ။
ဘာများလဲဘုရား။ လို့ တကာတွေက မေးလျှောက်တော့
ငါ ဒီတစ်သက် လူမထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ လို့ ပြောလိုက်တယ်။ တကာတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့။
ဒီပုံပြင်ဟာ ဟာသသဘော ဆန်နေပေမယ့် ဘုရားစကားနဲ့ နှီးနှောကြည့်ရင် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ရမှာပါ။

ငယ်ငယ်က (ကိုရင် တစ်သက်လုံး ၀တ်မှာလား) လို့ မေးတုန်းက အင်း လို့ တစ်လုံးထဲ မစဉ်းစားပဲ ဖြေခဲ့ဖူးတယ်။
ဒီအချိန်မှာ မိမိကို တစ်ယောက်ယောက်ကများ (တစ်သက်လုံးဝတ်နိုင်မလား ဦးဇင်း)လို့ လာမေးရင်လဲ ပျော်သလောက် သို့မဟုတ် ပါရမီပါသလောက်ပေါ့ လို့ပဲ မယုတ်မလွန် ဖြေရလိမ့်မယ် ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား လူမထွက်ဘူးလို့ အာမခံ(warranty)ပေးထားတာက တစ်ပါးထဲရှိတာလေ….။ အဲဒါ ရဟန္တာပါပဲ။ (ကိုယ်က ရဟန္တာမှ မဟုတ်တာ)

၆၊ ၇၊ ၂၀၁၄
Credit original writer
( မူကြိုဆရာ )
ကွမ်တန်း မင်းရာဇာ

No comments:

Post a Comment