Friday, 29 January 2016
သိက္ခာထပ်ခြင်းနှင့်စပ်၍ မှတ်သားလိုက်နာဖွယ်....
သိက္ခာထပ်ခြင်းနှင့်စပ်၍ မှတ်သားလိုက်နာဖွယ်.....
*************************************
သိက္ခာထပ်ခြင်းဟူသည် ဖြစ်ပြီးသားရဟန်းကို ဥပသမ္ပဒကမ္မဝါစာဖြင့် ထပ်မံရွတ်ဖတ် ပြုလုပ်ခြင်းဖြစ်၍ ကံထပ်ခြင်းပင်ဖြစ်သည်။ ထိုအရာကို သိမ်ထပ်ခြင်းဟူ၍လည်း ခေါ်ဝေါ်ကြသည်။
လောက၌ အဘိသိက်သွန်းပြီးသော မင်းကို အကြိမ်ကြိမ် အဘိသိက်သွန်းသော်လည်း အပြစ်တစ်စုံတရာမရှိ။ အဘိသိက်သွန်းခြင်းကြောင့် မင်း၏ဘုန်းတန်ခိုး တိုးပွားခြင်းသာ မြင်ရသကဲ့သို့လည်းကောင်း, သာသနာတော်၌ စေတီတော် ဆင်းတုတော်များကို အကြိမ်ကြိမ် အနေကဇာတင်မှု ပြုသော်လည်း အပြစ်မရှိ တန်ခိုအာနုဘော်ကြီးခြင်း အကျိုးအာနိသင်ရှိသကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းဖြစ်ပြီးသူကို တဖန်ထပ်၍ ကမ္မဝါစာဖြင့် ဥပသမ္ပဒကံဆောင်ရာ၌ အပြစ်မရှိပါ။ သို့သော်......
အကယ်၍ ရှေးကပြုခဲ့သောကံသည် ရဟန်းဖြစ်ရန် အင်္ဂါ(၅)ပါးတို့တွင် တပါးပါး မပြည့်စုံခဲ့လျှင် ကံပျက်သောကြောင့် ရဟန်းမဖြစ်ပါ။ ယခု ပြုလုပ်သော သိမ်ထပ်မှုကံက အင်္ဂါ(၅)ပါးပြည့်စုံသည်ဖြစ်၍ ကံပြည့်စုံသောကြောင့် ရဟန်းဖြစ်ရသည်၊ ရှေးကပြုခဲ့သော ရဟန်းခံမှုပြည့်စုံခဲ့လျှင်လည်း အကျိုးမယုတ်ပါဘူး။ ပိုမိုခိုင်မြဲသော အကျိုးတို့ကို မြင့်တွေကြကုန်သည်ဖြစ်၍ သိက္ခာထပ်(သိမ်ထပ်)ခြင်းကို ပြုကုန်ကြသည်။ (ဝိနယာလင်္ကာရကျမ်း)
သိက္ခာထပ်တယ်ဆိုတာ ဘုရားရှင်လက်ထက်က ပြုလုပ်ကြသည်လို့ ဗုဒ္ဓစာပေမှာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံ သာသနာ့သမိုင်းမှာ ပုဂံခေတ်ကရှိခဲ့ကြောင်း မှတ်သားဖူးပါသည်။
"ပတ်ကုံးထိုထို၊ မြို့သိဃိုဠ်တွင်၊ ကုသိုလ်ပျော်ပါး၊ သခင်များတို့၊ စကားမြွတ်ဆို၊ တို့သိဃိုဠ်မှာ၊ ကြည်ညိုနှလုံး၊ သီတင်းသုံးမူ၊ ထုံးစံကျမ်းလာ၊ တို့သိက္ခာကို၊ ထပ်ပါရမည်၊ မိန်ရှိသည်၌"-လို့ ရွှေပေါင်းလောင်သမိုင်းပျို့ (၂၁)တွင် ပါရှိသည်။
ပုဂံခေတ် နရပတိစည်သူလက်ထက် ပေါင်းလောင်ရှင် မဟာကဿပ သိဃိုဠ်သို့ကြွတော်မူရာ သိဃိုဠ်ရဟန်းတော်များက သိမ်ထပ်(ထပ်မံရဟန်းခံ)ရန် ပြောကြောင်းပါရှိသည်။ အင်းဝခေတ် သာလွန်မင်း လက်ထက် တောင်ဖီလာဆရာတော် ပြုခဲ့သော ဝိနယာလင်္ကာရဋီကာမှာလည်း ဗုဒ္ဓရုပ်ပွားတော်များအား အထပ်ထပ် အနေကဇာတင်က ဗုဒ္ဓဂုဏ်တော်တန်ခိုးတော်များ ပိုမိုတိုးပွားလာနိုင်သကဲ့သို့ ရဟန်းတော်များအားလည်း အထပ်ထပ် သိက္ခာထပ်ခြင်းကြောင့် ရဟန်းမဖြစ်ခဲ့လျှင် ရဟန်းဖြစ်ခြင်း၊ ဖြသ်ခဲ့လျှင်လည်း ကုသိုလ်တိုးပွား နှစ်ဦးနှစ်ဘက် အကျိုးများစေပါသည်။ {အရှင်တိလောကသာရ(ရဝေထွန်း)မှ ကောက်နှုတ်ချက်}
မဟာစည်ဆရာတော်ဘုရားကြီး၏ သိက္ခာထပ် ဩဝါဒ...
**************************************
မူလ ရဟန်းခံစဉ်က အသက်(၂၀)မပြည့်လို့ဖြစ်စေ၊ သိမ်၊ ဉတ်၊ ကမ္မဝါ၊ ကာရကသံဃာနှင့်စပ်၍ သံသယရှိလို့ ကံထပ်တာ အပြစ်မရှိပါ။ စာသင်သား ရဟန်းငယ်များဘဝဆိုရင် ပညာသင်ကြားရာမှာ ဒကာ ဒကာမအထောက်အကူရစေဖို့ ကံထပ်တာဟာ တော်ပါသေးတယ်။ မထေရ်ကြီးဘဝရောက်မှ သိမ်ထပ်တာကတော့ မတော်ပါဘူး။ မူလက ရဟန်းဖြစ်နေရင် နောက်ထပ်သိမ်ထပ်တာဟာ အပိုအလုပ်ပါပဲ။ ရဟန်းဒကာများလည်း ရဟန်းဒကာအစစ်မဖြစ်ပါဘူး။ သပိတ် သင်္ကန်းလှူတဲ့ ကုသိုလ်အပြင် အခြားကုသိုလ်ထူးမရပါဘူး။ အမည်ခံရဟန်းဒကာမှာရော ကံထပ်တဲ့ ရဟန်းမှာရော သံယောဇဉ်ပွားရုံပါပဲ။
တခါက ရိပ်သာတစ်ခုမှာ ကမ္မဋ္ဌာန်းဆရာတော်က တစ်နာရီအတွင်းမှာ ၃-ကြိမ် သိက္ခာထပ်တာတွေ့ဘူးတယ်။ အဲ့ဒီတုန်းက ဘုရားတပည့်တော် အရှက်ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဟာစည်ဆရာတော်ရဲ့တပည့် ကမ္မဋ္ဌာန်းဆရာက အဲ့ဒီလိုလုပ်တယ်-လို့ ကဲ့ရဲ့ကြမှာကို မျှော်တွေးပြီး မြင်မိလို့ပါ။ ဒါကြောင့် သံသယမရှိပဲ ကံထပ်ခြင်းကို ရှောင်ကြဉ်ရန် အထူးသတိပေးပါတယ်။ ၆၀-ကျော် ၇၀-နီး အသက်တွေကြီးခါမှ သိက္ခာထပ်တယ်ဆိုတာ ရှက်စရာကောင်းတဲ့အကြောင်း ဆရာတော်ဘုရားကြီးရဲ့ မဟာစည် ဝိနိစ္ဆယသင်္ဂဟ နှစ်ပတ်လည်ဩဝါဒမှာ မိန့်ကြားထားတာတွေ့ရပါတယ်။
ဆရာတော်ဘုရားကြီးမိန့်ကြားတာ မှန်ပါတယ်။ သသံယရှိလို့ ငယ်ရွယ်စဉ်မှာ သိက္ခာပြန်ထပ်တာ အရင်က ရဟန်းမဖြစ်ခဲ့ရင် အခု ကံထပ်တဲ့အတွက် ရဟန်းဖြစ်ရခြင်းအကျိုး ရရှိနိုင်ပါတယ်။ နောက်ပြီး စာသင်သား ရဟန်းငယ်များဆိုတာ လာဘ်လာဘချို့တဲ့ကြပါတယ်။ ရဟန်းဒကာထပ်ပေါ်လို့ သိက္ခာထပ်လိုက်ခြင်းအားဖြင့် အရင်က ရဟန်းမဖြစ်သေးရင်လည်း အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံတဲ့အတွက် ရဟန်းနိုင်သွားနိုင်သလို ရဟန်းဒကာတိုးလာတဲ့အတွက် စာပေသင်ကြားရာမှာ ပစ္စည်းလေးပါး အထောက်အပံ့လည်း ချမ်းသာစွာရနိုင်ပါတယ်။
၆၀-ကျော် ၇၀-အရွယ် အသက်ကြီးမှ သိက္ခာထပ်တာကတော့ ငယ်ငယ်က ရဟန်းမဖြစ်ခဲ့လို့ သိမ်ထပ်တာပဲလို့ ယူဆမယ်ဆို ယူဆလို့ရပါတယ်။ ဒါကြောင့် ဒကာ ဒကာမများအနေနဲ့ ၆၀-ကျော် ၇၀-ရွယ် ကျောင်းထိုင်ဘုန်းကြီးဖြစ်မှ သိက္ခာထပ်ပေးတာ ရှောင်ရှားသင့်တယ်လို့ ထင်ပါတယ်။ သိက္ခာထပ်ခံတဲ့ ကျောင်းထိုင်ဘုန်းကြီးများကလည်း ကိုယ့်သိက္ခာထပ်တဲ့ ဒကာ ဒကာမပဲဆိုပြီး နှစ်နှစ်ကာကာ သိပ်မရှိလှပါဘူး။ ဒို့ဘုန်းကြီးပဲ ဒို့ဆရာတော်ဘုရားကြီးပဲဆိုပြီး မာန်ဝင့်ပြီး သံယောဇဉ်ပိုရုံပါပဲ။ စာသင်တော့တာလည်းမဟုတ် ချို့တဲ့နေသူလည်းမဟုတ်တဲ့ ဆရာတော်ကြီးဖြစ်မှ သိက္ခာထပ်ဒကာခံတာ ဘာမှ ထူးပြီးမလို့အပ်တော့ပါဘူး။
ပစ္စည်းလေးပါးချို့တဲ့နေတဲ့ စာသင်သား ရဟန်းသာမဏေတွေ အများကြီးရှိနေပါသေးတယ်ပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဘုရားသားတော်များကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ချို့တဲ့နေတဲ့ ဒီစာသင်သား ရဟန်း သာမဏေများကို ထောက်ပံ့ပေးခြင်းက အနာဂတ်သာသနာအတွက် ပိုမိုထိရောက်နိုင်ပါတယ်လို့ တိုက်တွန်းရင်း.........
အရှင်ပညာသာရ(ဓမ္မစေတမန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment