Thursday, 30 June 2016
ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း
ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း
+++++++++++++++++++++++
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့
ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ....
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။
ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့
အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။
ဝါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာ လားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ ရပြန်ပါတယ်။
တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တခြားတနေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။
ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော် မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်း မှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလို တဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာ လည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။
ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေ ထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူး တလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေ ထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လို အဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ် အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။
အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး သကဒါဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။
ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှမ်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အ များကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သား တို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာ လတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။
ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက် ကတော့ ရှေးအစဉ်လာ ကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင် ပါတယ်။ ရှေးကလူကြီးသူမ များဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များ ၀ါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ် အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များ နဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ် ကြခြင်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြ ဘဲ ရှောင် ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါ မှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အင်မတန် ဖျောက်ဖို့ခက်လှပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။
ဝါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်း လှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။
♦ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလို မျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
♦ ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ
အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။
သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလ ပဲ ဆောက် တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။
မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင် ကျပြီး နောက်ပိုင်း အိမ်ထောင်ရှင်နှစ်ဦး တို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက် ရပါတယ်။
From : . ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
ပြန်လည် မျှဝေခြင်း
kuantan min yar zar
Wednesday, 29 June 2016
အသောကမင်းကြီးနှင့်အမည်မသိပညာရှင်ကိုးဦးလျှို့ဝှက်အဖွဲ့ကြီး
အသောကမင်းကြီးနှင့်အမည်မသိပညာရှင်ကိုးဦးလျှို့ဝှက်အဖွဲ့ကြီး
---------------------------------------------------------------------
အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော
အသောကမင်းကြီး သည် ခရစ်တော် မပေါ်မှီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။
ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘ၀နှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထ၀ီအနေအထားအရ အသောကမင်းကြီး ၏ နယ်ပယ်အကျယ်အ၀န်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ရေကန်များလည်း တူးဖေါ်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွန်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်-ဂျီဝဲလ်က သူရေးသားသော (Outline of History) ဆိုသော စာအုပ်ထဲတွင် အသောက မင်းကြီးအား ဤကဲ့သို့ ချီူးကျူးပြောဆိုထားပါသည်။
“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ၀င်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယ သည်ပင် သူ့အဆုံးအမ သြ၀ါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မူ့ အစဉ်အလာကိုမူ ထိန်းထားလေသည် ။ ကွန်စတင်တိုင်း ၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေကယနေ့ ပို၍ပင်များပြားနေသည်။”
အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။အသောက သည် အိန္ဒိယနိုင်ငံ ၏သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယ နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံ ငယ်လေးများအား တိုက်ခိုက်အောင်ပွဲ ခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ၀င်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာသေကြေပျက်စီးကြရလေသည်။သို့သော်ကလိင်္ဂ တိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သတ်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက လွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင်စိတ်ကိုမြုပ်နှံ
ထားခဲ့သည်။ စစ်ဘုရင်ဘ၀မှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောက မင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာ ကိုကမ္ဘာ့ဘာသာ ကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။
သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသ များသို့ စေလွှတ်ခဲ့သည်။ အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ၊လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။
မိန်းမများပညာသင်ကြား နိုင်ရေးအတွက်လည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ် များတည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တ၀ါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။
အသောကမင်းကြီးလက်ထပ်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲ လအတွင်း ၌ပင် အသောကမင်း တရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃံငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။
သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွား လာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။
အသောကမင်းကြီး၏ ယူဆချက်အရ လူသားများသည် နောင်တစ်ချိန်၌ ဥာဏ်ပညာနှင့် အင်အားအပြင် ခေတ်လွန်သိပ္ပံနှင့် နည်းပညာများကို လူမှုဖျက်ဆီးရေးလမ်းစဉ်များတွင် အသုံးပြုလာလိမ့်မည်ဟု ဆင်ခြင်တွေးတောလာခဲ့သည်။
မိမိ၏ စိုးရိမ်ပူပန်မှုများအား ပြေလျော့စေရန်အတွက် အသောကမင်းကြီးသည် လျို့ဝှက်အသင်းအဖွဲ့တစ်ခုကို ဖန်တီးခဲ့ပြီး လွဲမှားစွာအသုံးချပါက လူသားမျိုးနွယ်စုကြီးအား မျိုးသုန်းပျောက်ကွယ်စေမည့် နည်းပညာအတတ်ပညာမှန်သမျနှင့် လူသားမျိုးနွယ်အား အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် အတတ်ပညာများအား ငွေကြေးအမြောက်အများ အသုံးပြုကာ ရှာဖွေလေ့လာစေခဲ့သည်။ အသောကမင်းကြီး၏ တစ်ခုတည်းသောရည်ရွှယ်ချက်မှာ ခေတ်လွန်သိပ္ပံနှင့်နည်းပညာအားလုံးအား ရှာဖွေစုဆောင်းပြီး လူသားများထံမှ ကွယ်ဝှက်ထိန်းသိမ်းထားရန်ပင်ဖြစ်သည်။ ဤသို့ဖြင့် အသောကမင်းကြီး၏ အမည်မသိပညာရှင် ၉ ဦးပါဝင်သော လျို့ဝှက်အသင်းကြီး ပေါ်ပေါက်လာခဲ့ပါသည်။ အသောကမင်းကြီးသည် သိပ္ပံနှင့်နည်းပညာတတ်ကျွမ်းသူများအနက်မှ ၎င်း၏ယုံကြည်စိတ်ချရသော လက်ရင်းတပည့် ၉ ဦးအားရွေးချယ်ကာ အတတ်ပညာနယ်ပယ် တစ်မျိုးစီပါဝင်သော မှတ်တမ်းတစ်အုပ်စီအား ထိန်းသိမ်းစောင့်ရှောက်စေခဲ့သည်။ ထို ၉ ဦး၏ တာဝန်မှာ မိမိတို့ထိန်းသိမ်းစောင့်ရှောက်ခွင့်ရသော မှတ်တမ်းပါအကြောင်းအရာများအား အမြဲမပြတ် ပြင်ဆင်ဖြည့်စွက်ရမည့်အပြင် နောင်ရာစုများစွာအထိ အဆင့်ဆင့်လက်ဆင့်ကမ်း ပေးအပ်ထိန်းသိမ်းသွားရန်ဖြစ်သည်။
ထိုအဖွဲ့အား လေ့လာစောင့်ကြည့်သူအချို့၏ အဆိုအရ ယင်း ၉ ဦးသည် ၎င်းတို့၏ဆန်းကြယ်စုံလင်လှသော မှတ်တမ်းပါနည်းပညာများအရ သေခြင်းတရားကိုပင်လျင် ရှောင်လွှဲနိုင်ခဲ့ပြီး ယနေ့ထက်တိုင်ထိုမှတ်တမ်းမှတ်ရာများအား စောင့်ရှောက်လျက်ရှိကြောင်း ယုံကြည်နေကြပါသည်။ မည်သို့ဖြစ်စေ ထို ၉ ဦးအဖွဲ့၏ စည်းကမ်းချက်မှာ မှတ်တမ်းထိန်းသိမ်းစောင့်ရှောက်သူ ၉ ဦးထက်မနည်းမများသော လူဦးရေပမာဏအတိုင်း ရာစုအဆင့်ဆင့် ဆက်ခံလာရမည်ဖြစ်ပြီး လက်ရှိကမ္ဘာလောက၏ နိုင်ငံရေး, လူမှုရေး နှင့် သိပ္ပံနည်းပညာရေးတို့အား တိုက်ရိုက်ဝင်ရောက်ပက်သက်မှုမပြုပဲ အမှောင်ထဲမှသာ လေ့လောစောင့်ကြည့်ရန်ဖြစ်သည်။ ၎င်းတို့ ၉ ဦးသည် မိမိတို့၏ ကိုယ်ပိုင်ဘာသာစကား သင်္ကေတများဖြင့်သာ ဆက်သွယ်လေ့ရှိသည်ဟု ယုံကြည်ရပြီး လူသားမျိုးနွယ်စု၏ အတက်အကျဖြစ်ရပ်အမျိုးမျိုးကို လေ့လာစောင့်ကြည့်ရန်နှင့် ၎င်းတို့၏မှတ်တမ်းအတွင်းမှ နည်းပညာ, အတတ်ပညာများကို ပြင်ဆင်ဖြည့်စွက်ရန်သာ အသောကမင်းကြီးမှ ညွှန်ကြားဖွဲ့စည်းခဲ့ပြီး လူသားမျိုးနွယ်စု၏ နောက်ဆုံးနေဝင်ချိန်ရောက်မှသာ ဝင်ရောက်ကူညီပံ့ပိုးရန် စည်းကမ်းချမှတ်ခဲ့ပါသည်။ ယင်းကား လေ့လာသူများ သိရှိခဲ့ရသော အသောကမင်းကြီး၏ 'Nine Unknown Men' လျို့ဝှက်အသင်းပေတည်း။ အခု ကျနော်တို့ လျို့ဝှက် ၉ ဦးအသင်း မည်သို့မည်ပုံ ဖြစ်ပေါ်လာလဲသိပြီဖြစ်လို့ သူတို့တစ်ဦးချင်းစီမှာ ဘယ်လိုအတတ်ပညာတွေပါဝင်တဲ့ မှတ်တမ်းစာအုပ်တွေကို ကိုင်ဆောင်ထိန်းသိမ်းထားလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်ဗျာ....... ယင်းအမည်မသိ ၉ ဦးထိန်းသိမ်းထားသော မှတ်တမ်းစာအုပ်များသည် အလွန်ကျယ်ပြန့်နက်ရှိုင်းသော အတတ်ပညာတစ်ခုချင်းစီအား ကိုယ်စားပြုပြီး ယနေ့ခေတ်ကာလထက် များစွာခေတ်ရှေ့ပြေးသည်ဟု လေ့လာသူအများစုက ယူဆကြပါသည်။ ယင်းမှတ်တမ်းစာအုပ်များတွင် ပါရှိသော ပညာရပ်အကြောင်းအရာများမှာ -
# Book 1 : The Book of propaganda & psychological warfare
- ဝါဒဖြန့်ခြင်းနှင့် စိတ္တဗေဒဆိုင်ရာ စစ်မက်ဆိုင်ရာနည်းပညာများ ပါဝင်သောစာအုပ်ဖြစ်သည်။ ပြည်သူလူထူအား ဝိဝါဒကွဲပြားစေမှု, လူထု၏ သဘောထားအား လိုအပ်သလို ပုံဖော်ထုဆစ်ရာတွင် အသုံးပြုရမည့် နည်းလမ်းပေါင်းများစွာ ပါဝင်ပါသည်။ လူပေါင်းများစွာ၏ စိတ်ဓာတ်ရေးရာ အခြေအနေကို လိုအပ်သလို ပြောင်းလဲပုံဖော်နိုင်သောကြောင့် နည်းပညာမှတ်တမ်း ၉ မျိုးအနက် အန္တရာယ်အများဆုံး ဟု သတ်မှတ်ထားသော စာအုပ်ဖြစ်သည်။
# Book 2 : The Book of physiology
- သက်ရှိတို့၏ ဇီဝကမ္မဗေဒဖြစ်စဉ်ဆိုင်ရာ အတတ်ပညာများ ပါဝင်ပါသည်။ အဆိပ်ဖော်စပ်နည်း, လူ့ခန္ဓာကိုယ်ရှိ Pressure Points ခေါ် အရေးကြီးသော နေရာများတွင် တို့ထိရုံဖြင့် သွေးကြော, အာရုံကြောများ ကမောက်ကမဖြစ်အောင်ပြုလုပ်ပြီး သေစေနိုင်သော နည်းလမ်းများပါဝင်သောကြောင့် 'The touch of death' ဟုလည်း ခေါ်ဆိုကြသည်။ ဂျူဒို ခေါ် ကိုယ်ခံပညာရပ်သည်လည်း ဤ ဒုတိယစာအုပ်မှ အနည်းငယ်ပေါက်ကြားလာသော ပညာရပ်တစ်ခုဖြစ်သည်ဟု ယူဆပြောဆိုကြပါသည်။
# Book 3 : The Book of Microbiology
- အဏုဇီဝဗေဒဆိုင်ရာ ပညာရပ်များပါဝင်သော စာအုပ်ဖြစ်သည်။ လူသားတို့အား အကျိုးပြုစေနိုင်သော အဏုပိုးမွှားများအပြင် လူသားတို့အား ပျက်ဆီးစေမည့် အဏုပိုးမွှားများကိုလည်း ဖန်တီးမွှေးမြူနိုင်သော နည်းပညာများပါရှိပါသည်။ ကာလဝမ်းရောဂါ ကာကွယ်ဆေးကိုလည်း ယင်းမှတ်တမ်းပေါက်ကြားမှုမှ ဖော်စပ်နိုင်ခဲ့သည်ဟု အချို့ကယုံကြည်ကြသည်။
# Book 4 : The Book of alchemy
- အဂ္ဂိရတ်အတတ်ပညာဆန်းများ ပါဝင်ပြီး သတ္ထုများကို လိုအပ်သလို ဓာတ်သဘာဝ ပုံသဏ္ဍာန်များပြောင်းလဲနိုင်သည်ဟု ယုံကြည်ရသည်။ ရှေးယခင်က အိန္ဒိယတစ်ဝှမ်းလုံး ရေဘေးကြုံတွေ့ချိန်တွင် လူထုအား ပြန်လည်ဖြန့်ဝေပေးရန် ဘာသာရေးကျောင်းများသို့ မဖော်ပြနိုင်သောအဖွဲ့အစည်းတစ်ခုမှ ရွှေသားတန်ချိန်ပေါင်းများစွာ ပေးအပ်ဖူးသည်ဟု ပြောဆိုကြပါသည်။တိဘက်တွင်ဘုန်းတော်ကြီးရုပ်အလောင်းများကိုရွှေရည်လွှမ်းခြင်းကဲ့သို့သောပညာရပ်များရှိခဲ့သည်။
# Book 5 : The Book of communication
- ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိသမျသော သက်ရှိအားလုံးအပြင် ကမ္ဘာ့အပြင်ဘက်ရှိ သက်ရှိ (ဂြိုလ်သား) များနှင့်ပင် အဆက်အသွယ်ပြုနိုင်သော နည်းလမ်းပေါင်းစုံ ပါဝင်သောစာအုပ်ဖြစ်သည်။ ထို့ကြောင့် အသောကမင်းလက်ထက် ၂၃၇ ဘီစီ ကတည်းကပင် ဂြိုလ်သားဝါဒကို အယုံအကြည်ရှိခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။
# Book 6 : The Book of gravitation
- ကမ္ဘာမြေ၏ ဆွဲငင်အားနှင့်ပက်သက်သည့် အကြောင်းအရာများအပြင် ထိုဆွဲငင်အား အားဆန့်ကျင်ကာ Vimana ခေါ် ယာဉ်ပျံတည်ဆောက်နည်းအား သင်ကြားပြသထားသော စာအုပ်ဖြစ်သည်။ ထိုအချက်ကလည်း အိန္ဒိယ ရာမယနဇာတ်တော်များတွင် ပါဝင်အသုံးတော်ခံခဲ့သော Vimana ယာဉ်ပျံသည်လည်း အမှန်တကယ်ရှိကောင်း ရှိခဲ့သည်ဟု ဝိဝါဒကွဲစရာဖြစ်ပေါ်စေခဲ့ပါသည်။
# Book 7 : The Book of cosmology
- စကြာဝဋ္ဌာဗေဒဆိုင်ရာ ပညာရပ်များပါဝင်သော အပိုင်းဖြစ်သည်။ စကြာဝဠာလောကဓာတ်အကြောင်း အသေးစိတ်ပါဝင်ပြီး အလင်းနှုန်းထက်မြန်သောနည်းဖြင့် သွားနည်း, ကြားခံတစ်ခုမှ တစ်ခုအကြားကူးပြောင်း သွားလာနည်းများအပြင် အချိန်ခရီးသွားနည်း လျို့ဝှက်ချက်များပါ ပါဝင်နေသည်ဟု ပြောဆိုနေကြသော စာအုပ်ဖြစ်သည်။
# Book 8 : The Book of light
- အလင်း၏ သဘာဝနှင့် လျို့ဝှက်ချက်များ ပါဝင်သောစာအုပ်ဖြစ်သည်။ ဤအပိုင်းကို လေ့လာခြင်းဖြင့် အလင်း၏မြန်နှုန်းကို ထိန်းချုပ်နိုင်ပြီး လိုအပ်သလိုကွေးညွှတ်နိုင်ကာ လေဆာကဲ့သို့သော လက်နက်ဆန်းတစ်မျိုးမျိုး ဖန်တီးနိုင်မည်ဟု ယုံကြည်ကြပါသည်။
# Book 9 : The Book of sociology
- နောက်ဆုံးအပိုင်းမှာ ခေတ်လွန် လူမှုသိပ္ပံပညာရပ်များ ပါဝင်သော စာအုပ်ဖြစ်သည်။ ထိုအပိုင်းတွင် လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ အတက်နှင့် အကျကိုခန့်မှန်းနိုင်သော အတတ်ပညာများပါဝင်သကဲ့သို့ ပျက်ဆီးယိုယွင်းလာမည့် လူ့အဖွဲ့အစည်းကြီးအား ရပ်တန့်နည်း သို့မဟုတ် ပိုမိုယိုယွင်းမြန်ဆန်လာအောင်ပြုလုပ်သော နည်းပညာများ ပါဝင်သည်ဟု ပြောဆိုကြသည်။
အချုပ်အားဖြင့်ဆိုလျင် အသောကမင်းကြီး၏ ထိုအမည်မသိ ၉ ဦးသည်သာမက ထိုသူတို့ ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ်တမ်း ၉ မျိုး နည်းပညာရပ် ၉ ရပ်တို့သည် ရှေးယခင်ကတည်းက ယနေ့အချိန်အထိ အမှန်တကယ်ရှိခဲ့သည် သို့တည်းမဟုတ် စိတ်ကူးသက်သက်သာဖြစ်သည်ဟူသော အတွေးများအား လူအများကြား လွန်ဆွဲစေကာ ယနေ့ထက်တိုင် ပဟေဌိများ ဖန်တီးပေးလျက်ရှိနေပါတော့သည်။
ဤသို့ဆိုလျင်
# ထိုအမည်မသိ လူ ၉ ဦးက ဘယ်သူတွေလဲ, ဘယ်လိုနည်းနဲ့ အမှောင်ကမ္ဘာထဲမှာ ပုန်းကွယ်နေထိုင်နေကြတာလဲ?
# လူသားတွေအတွက် ခေတ်လွန်ပညာရပ်တွေကို ရာစုအလီလီ ထိန်းသိမ်းကာကွယ်ပေးထားခြင်းကား ဘာအတွက်လဲ? ဘယ်လို ရည်ရွှယ်ချက်တွေ အစီအစဉ်တွေ သူတို့ ၉ ယောက်မှာရှိနေတာလဲ?
# မိမိတို့ လူသားမျိုးနွယ်စုကြီးရဲ့ နေဝင်ချိန်ရောက်ရင်ကော အမှန်တကယ် ကူညီကယ်တင်ဖို့ ထွက်ပေါ်လာနိုင်မှာလား?
ဆိုတာတွေကတော့ အသောကမင်းကြီးမှလွှဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မဖြေရှင်းနိုင်သော ပဟေဌိပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရှိနေဦးမှာဖြစ်ပါကြောင်း.......
ကိုးကား
ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း၊မူရင်း Glimpses of world history by Jawaharlal Nehru
The 100 A Ranking of the most influential persons in History by H.Hart
Source-ဆရာဦးတင်မောင်လှိုင်
Source-Aung
#မှော်ပညာ fbမှ
Monday, 27 June 2016
မြစ်ဆုံဆည်နှင့်ပတ်သက်၍ တရုတ်ပြောကြားသော ရွေးချယ်ခွင့် ၃ ခု
မြစ်ဆုံဆည်နှင့်ပတ်သက်၍ တရုတ်ပြောကြားသော ရွေးချယ်ခွင့် ၃ ခု
မူရင်းရေးသားသူ - FRONTIER
ဘာသာပြန်သူ - Thant Zin Htut
အငြင်းပွားနေရသည့် မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ရန် ခြေလှမ်းစိပ်စိပ်လှမ်းနေသော တရုတ်နိုင်ငံမှ မြန်မာအနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ ရွေးချယ်ခွင့်ရှိသော လမ်းကြောင်းသုံးခုကို ပြောကြားခဲ့သည်။
ဇွန်လ ၂ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံဆည် ပြန်စရေးလော်ဘီလုပ်သည့်အနေဖြင့် ကချင်ပြည်နယ်ခရီးစဉ်သွားရောက်ခဲ့သည်။
မစ္စတာဟုန်လျန်နှင့်အတူ တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China’s State Power Investment Corporation (SPIC) မှ ထိပ်တန်းအမှုဆောင်အရာရှိများလည်း လိုက်ပါလာခဲ့ကြသည်။ SPIC ၏ ကုမ္ပဏီခွဲတစ်ခုနှင့် မြန်မာစစ်အစိုးရတို့သည် မေခ နှင့် မလိခ မြစ်ဆုံအနီး ဧရာဝတီမြစ်ပေါ်၌ ဆည်တည်ဆောက်ရန် ၂၀၀၉ ခုနှစ်က သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာတွင် မြန်မာသမ္မတဦးသိန်းစိန်မှ ကြီးထွားလာသော နိုင်ငံလုံးကျွတ် ဆန္ဒပြလှုပ်ရှားမှုများအား "အရှေ့တောင်အာရှတွင် အကြီးဆုံး ရေအားလျှပ်စစ်စွမ်းအင်ဆည် တည်ဆောက်မည့်စီမံကိန်းကို ယာယီရပ်ဆိုင်းမည်၊ အနည်းဆုံး ၎င်းအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းမည်" ဟု ပြောကြားတုံ့ပြန်ခဲ့သည်။
မြစ်ဆုံဆည်စီမံကိန်းအနာဂတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ တရုတ်နှင့် ဆက်ဆံရေး စီမံခန့်ခွဲမှုအရည်အချင်းကို စမ်းသပ်မှုကြီးတစ်ခုအဖြစ် ထွက်ပေါ်လာနေသည်။
ယခုအပတ်တွင် စာရေးသူအနေဖြင့် ကချင်မြို့တော်မြစ်ကြီးနားသို့ သွားရောက်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ် နှင့် NLD အစိုးရ ရင်ဆိုင်နေရသည့် အကဲဆတ်၍ ထိခိုက်ရှလွယ်ရှိ ပြဿနာနှင့်ပတ်သက်သော ရွေးချယ်ခွင့်လမ်းကြောင်းများကို ဆွေးနွေးလိုပါသည်။
တရုတ်သံအမတ်ကြီးနှင့် SPIC ထိပ်တန်း အမှုဆောင်ကော်မတီဝင်များသည် မြန်မာလူထုမှ မြစ်ဆုံဆည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်ကို သိသည်။ သို့သော် မြန်မာလူထုသည် မြစ်ဆုံဆည်နှင့်ပတ်သက်သော သတင်းအမှား၊ အချက်အလက်အမှားများ ရရှိထားသည်၊ သွေးထိုးခံထားရသည်ဟု ယုံကြည်ကြသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ကချင်ခရီးစဉ်ရည်ရွယ်ချက်မှာ စီမံကိန်းမှရရှိမည့်ကောင်းကျိုးများကို မြန်မာအစိုးရကိုယ်စားလှယ်များ နှင့် ဒေသခံပါတီများကို ရှင်းပြရန် နှင့် မြစ်ကြီးနားလူထု၏ အကြံဉာဏ်ကို နားထောင်ရန်ဖြစ်သည်။
စီမံကိန်းအတွက် ဆွေးနွေးမှုများသည် ၂၀၀၆ ခုနှစ်၌ စစ်အစိုးရထိပ်တန်းအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် ဇူလိုင်အထိ ဦးသိန်းစိန်အစိုးရ၏ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်) တရုတ်သို့သွားရောက်၍ ရေအားလျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီတောင်းခံရာမှ စတင်ခဲ့သည်။
စီမံကိန်း မူလရည်မှန်းချက်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည် ၇ ခု အတွဲလိုက်ဆောက်ရန်ဖြစ်သည်။ အဓိက ဆည်ကို ဧရာဝတီမြစ်ဆုံ၌ တည်ဆောက်ပြီး မလိခဖြစ်ပေါ်တွင် တစ်ခု၊ မေခမြစ်ပေါ်တွင် ၅ ခု တည်ဆောက်မည်ဖြစ်သည်။
ဆည် ၇ ခုမှ လျှပ်စစ်စွမ်းအင်စုစုပေါင်း ၂၁၆၀၀ မီဂါဝတ် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး ယင်းမှာ မြန်မာနိုင်ငံ၌ လက်ရှိထုတ်လုပ်သုံးစွဲနေသော လျှပ်စစ်စွမ်းအား ၅၂၀၀ မီဂါဝတ်၏ ၄ ဆ ကျော်ကျော် ဖြစ်သည်။
ကနဦးသဘောတူညီမှုများအရ SPIC မှ စီမံကိန်း၏ ၈၀ ရာနှုန်းပိုင်ဆိုင်ပြီး အစိုးရမှ ၁၅ ရာနှုန်း ပိုင်ဆိုင်သည်။ ကျန် ၅ ရာနှုန်းကို အေးရှားဝေါလ်ဒ် Asia World မှ ပိုင်ဆိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား ၁၀ ရာနှုန်းကို အခကြေးငွေပေးစရာမလိုဘဲ ရရှိမည်ဖြစ်ပြီး ကျန်သည်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။ သို့သော် မြန်မာအနေဖြင့် ကျန်လျှပ်စစ်စွမ်းအား ၂၀ ရာနှုန်းကို ဝယ်ယူခွင့်ရှိပြီး တရုတ်နိုင်ငံသည်လည်း လျှပ်စစ်စွမ်းအားကို တရုတ် နှင့် ဘင်္ဂလားဒေ့ရှ်သို့ပို့ဆောင်ရန် စိတ်ဝင်စားနေသည်။
မြန်မာသမ္မတဦးသိန်းစိန်မှ စီမံကိန်းကိုရပ်ဆိုင်းလိုက်သည်တွင် SPIC နှင့် အခြားသော တရုတ်ကန်ထရိုက်များ ပြဿနာတက်သွားသည်။ ၎င်းတို့က တရုတ်ဘဏ်များမှ ငွေများချေးထားခဲ့ကြသည်။ စီမံကိန်းရပ်စဲလိုက်လင့်ကစား ၎င်းတို့မှာမူ အလုံးအရင်းချေးငွေအတွက် အတိုးများပေးနေရဆဲဖြစ်သည်။ အတိုးတက်လာမှုကြောင့် ထိုးထောင်တက်လာသော စီမံကိန်းကုန်ကျစရိတ်များကို တရုတ်ဖက်မှ မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ရှေ့နေရုံးတို့ကို လုပ်ငန်းယာယီရပ်ဆိုင်းလိုက်သည်ဆိုကတည်းက နှစ်တိုင်း သတင်းပေးပို့ခဲ့ကြသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် စီမံကိန်းစုစုပေါင်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထိ ရောက်ရှိသွားပြီဖြစ်သည်။
တရုတ်အစိုးရနှင့် ကုမ္ပဏီများကမူ ယခုလိုလေးလံဖင့်နွှဲနေခြင်းကို အဆုံးသတ်ကာ စီမံကိန်းနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှမြန်မြန်ချမှတ်စေလိုလှပြီဖြစ်သည်။ စီမံကိန်းကို ပြန်လည်စတင်မည်လော? စီမံကိန်းကို စာချုပ်ပြင်ဆင်စည်းကမ်းအသစ်များဖြင့် ပြန်လည်စတင်မည်လော? (သို့မဟုတ်) ဖျက်သိမ်းမည်လော? သိချင်နေလိုလှပြီဖြစ်သည်။ အကယ်၍ စီမံကိန်းကို ဖျက်သိမ်းမည်ဆိုလျှင်လည်း တရုတ်အနေဖြင့် ၎င်း၏နှစ်ရှည်အတိုးနှုန်းများကို ကာမိစေရန် လျော်ကြေးကိုတော့ တောင်းမည်ဖြစ်သည်။ သို့သော် နှစ်များရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေရန်အတွက် လျော်ကြေးကိုချက်ချင်းမတောင်းခြင်း သို့မဟုတ် မြန်မာပြည်တွင်း အခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများချပေးရန် တောင်းဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
မြစ်ကြီးနားသို့ သွားရောက်ခဲ့ကြသော SPIC အမှုဆောင်ကော်မတီဝင် ၄ ယောက်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူစန်းလည်း ပါဝင်သည်။ ၎င်းမှ ကချင်ပြည်နယ်အစိုးရကို မြန်မာအနေဖြင့် ဆည်နှင့်ပတ်သက်၍ ရွေးချယ်နိုင်သည့် လမ်းကြောင်း ၃ ခု ရှိသည်ဟု ပြောကြားခဲ့သည်။
၁) ဆည်စီမံကိန်းကို ဖျက်နိုင်သည်၊ ထို့အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည်။
၂) ဆည်စီမံကိန်းပြန်စပြီး ဆည်ကို ပြီးစီးသည်ထိ ဆောက်ခွင့်ပြုလျှင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အခွန်ငွေရမည်။
၃) ထိုနှစ်ခုလုံး မရွေးချယ်ဘဲ နေနိုင်သည်၊ သို့ဆိုလျှင်မူ ဆည်စီမံကိန်းကို ရပ်ဆိုင်းထားသ၍ တရုတ်ကုမ္ပဏီများ တင်ရှိနေသည့် အလုံးအရင်းချေးငွေများ၏ အတိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ကို နှစ်စဉ် ဆပ်ပေးနေရမည်။
ယခု မည်သည့်လမ်းကို ရွေးချယ်မည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစိုးရတို့အပေါ် မူတည်နေပေသည်။
THE MYITSONE DAM: CHINA’S THREE OPTIONS
As China steps up the pressure for a resumption of work on the controversial Myitsone dam, Myanmar is told it faces three options over the project’s future.
On June 2, a delegation headed by China’s ambassador to Myanmar, Mr Hong Liang, travelled to Kachin State to lobby for a resumption of work on the US$3.6 billion Myitsone dam.
Hong was accompanied by senior executives of China’s State Power Investment Corporation, a subsidiary of which signed an agreement with the junta in 2009 to build the dam on the Ayeyarwady near the confluence of the Mali and n’Mai rivers.
In September 2011, President U Thein Sein responded to a growing national protest movement by suspending work on the project to build Southeast Asia’s largest hydropower dam for at least the duration of his term in office.
The project’s future is emerging as a major test of the National League for Democracy government its ability to manage relations with China.
This week I would like to discuss the Chinese delegation’s trip to the Kachin State capital, Myitkyina, and the options facing the NLD government over this sensitive issue.
The Chinese ambassador and senior SPIC executives are well aware that the Myanmar people strongly oppose the Myitsone dam, but believe they are misinformed about the project. The purpose of their trip to Kachin was to explain the advantages of the project to representatives of the state government and local political parties, and to sound out the opinion of Myitkyina residents.
Discussions over the project began in 2006 when a senior member of the junta, General Thiha Thura Tin Aung Myint Oo, who was a vice president in U Thein Sein’s government from March 2011 to July 2012, visited China and sought assistance for hydropower development.
The project originally envisaged a series of seven hydroelectric dams, including the main dam at the confluence of the Ayeyarwady, with another on the Mali and five on the n’Mai rivers.
The seven dams were estimated to generate a total output of 21,600 megawatts, or about four times more than the nation’s current installed generation capacity of 5,200 MW.
Under the terms of the initial agreement, SPIC had an 80 percent share in the project and the government 15 percent. The diversified conglomerate Asia World held the remaining 5 percent.
Myanmar was to receive 10 percent of the power, cost free, and the rest was to be exported to China. However, Myanmar was given the option of buying another 20 percent of the output and China was reported to also be interested in supplying power to India and Bangladesh.
The suspension of the project by President Thein Sein created problems for SPIC and other Chinese contractors that had borrowed from Chinese banks but had to continue paying interest on their loans. The soaring cost of the project due to accumulating interest has been reported to the government, the Myanmar Investment Commission and the Office of the Attorney General each year since work was suspended. The total cost of the project at the end of last year was reported to have reached $800 million.
The Chinese government and companies want an end to this procrastination and a decision on the project’s fate as soon as possible. They want to know if the project will be resumed, resumed with modifications or cancelled. If it is to be cancelled, they will not ask for immediate compensation but will seek to have costs covered through a long-term loan or be granted other investment opportunities in Myanmar, so as to avoid harming the long-standing friendly bilateral relations.
The four SPIC executives who travelled to Myitkyina included the director-general of its international business department, Mr Lieu Zan, who told members of the Kachin State government that Myanmar faced three options over the dam.
He said it can cancel the dam and be liable to pay $800 million in compensation, resume work on the project and earn $500 million a year in revenue when it is completed, or do nothing and pay $50 million in interest costs for as long as it is suspended.
It is now up to Suu Kyi and her government to decide which course of action to take.
http://frontiermyanmar.net/en/the-myitsone-dam-chinas-three-options
ပြန်လည်မျှဝေခြင်း
kuantan min yar zar
Thursday, 23 June 2016
((( လူထွက်ချင်တဲ့ညီလေးဖတ်ဖို့ )))
((( လူထွက်ချင်တဲ့ညီလေးဖတ်ဖို့ )))
" နေစမ်းပါဦး ကိုယ့်ညီရယ်၊ ရုတ်တရက်ကြီး ဘယ်နှယ့်လူထွက်ချင်ရတာလဲ၊ ထွက်ချင်ရတဲ့အကြောင်းလေးပြောစမ်းပါဦး၊ အကြောင်းပြချက်ခိုင်ခိုင်မာမာသိရတော့ စိတ်ဖြေသာတာပေါ့ ကိုယ့်ညီရာ "
" အကြောင်းကတော့စုံနေတာပဲ နောင်ကြီးရာ၊ ပျင်းတာလည်းပါတယ်၊ အကုသိုလ်တွေပိုများမှာ ကြောက်တာလည်းပါတယ်၊ စာမေးပွဲ ခဏခဏကျနေတော့ ရဟန်းဒကာ ဒကာမတွေကို မျက်နှာပူတာလည်းပါတယ်၊ ဘာဆက်လုပ်ရမှန်းမသိတာလည်း ပါတယ် "
" အင်း---စုံတာကတော့ စုံနေတာပါပဲလား၊ အေးပေါ့ကွာ မပျော်တဲ့သူကို ဇွတ်ဆွဲထားရင်လည်း စိတ်မပျော်ရာမှာ ဒုက္ခခံခိုင်းသလိုဖြစ်မှာလည်း စိုးပါတယ်၊ ဒါပေမယ့် ကိုယ်မေးစမ်းပါဦးမယ် "
" တင်ပါ့ "
" ဒီဘဝမှာ ပျင်းလို့လူထွက်တယ်ထားပါတော့၊ လူထွက်လိုက်ရင်ရော တကယ်ပျော်မှာလား "
" အဲ---အဲ့ဒါကတော့ နောင်ကြီးရာ၊ လူ့ဘဝဆိုမှတော့ မျိုးစုံတော့ ကြုံရမှာပေါ့၊ ပျော်တစ်လှည့် မပျော်တစ်လှည့်နေမှာပါပဲ "
" ဟ---ဒီဘဝမှာလည်း ပျော်တစ်လှည့် မပျော်တစ်လှည့်ပါပဲကိုယ့်ညီရာ၊ အခု ကိုယ့်ညီက ပျင်းတဲ့အခိုက်မို့ လူထွက်ချင်တယ်တွေးမိတာပါ၊ ပြီးတော့ မပျော်လို့လူထွက်ပါတယ်ဆိုကာမှ၊ လူ့ဘဝမှာလည်း ပျော်ရဖို့မသေချာဘူးဆိုရင် ဒီဘဝကိုစွန့်ရတာ တန်သလားကွာ "
" -------------"
"နောက်တစ်ခု စဉ်းစားကြည့်ဦး ကိုယ့်ညီ "
" ဘယ်လိုလဲ နောင်ကြီး "
" ရဟန်းဘဝနဲ့ သိက္ခာပုဒ်တွေကျူးလွန်မိရင် အကုသိုလ်တွေပိုများမှာ ကြောက်တယ်လို့ ပြောတယ်မဟုတ်လား "
" တင်ပါ့---ဟုတ်တယ်လေ"
" အဲ့ဒါဆို လူ့ဘဝရောက်သွားရင်ရော အကုသိုလ်နည်းပြီး ကုသိုလ်ပိုများမယ်လို့ ထင်သလား၊ နောက်ပြီး ရဟန်းဘဝက လူ့ဘဝထက် အကုသိုလ်ပိုဖြစ်ဖို့လွယ်သလို ကုသိုလ်ဖြစ်ဖို့ပိုလွယ်တာလည်း ထည့်စဉ်းစားဦးလေကွာ "
" တင်ပါ့---အဲ့ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် လူ့လောကမှာ ငါးပါးသီလပဲထိန်းရတာဆိုတော့ ငါးပါးသီလကျိုးရင်တောင် ရဟန်းဘဝထက်တော့ အပြစ်ပေါ့တယ်မဟုတ်လား "
" ဒီမယ် ကိုယ့်ညီ ပါရာဇိကလေးပါး မကျူးလွန်သေးတဲ့ ရဟန်းကိုထားလိုက်ပါဦး၊ ကိုရင်သာမဏေတွေကိုပဲ ကြည့်၊ နေ့စဉ်ဘုရားစာ တရားစာတွေ ရွတ်အံသရဇ္ဈာယ်နေရတာနဲ့တင် လူတွေထက်ကုသိုလ်ပိုများနေပြီကိုယ့်ညီ "
" -------------------- "
" လူ့ဘဝမှာ နေ့စဉ်ကုသိုလ်ဖြစ်ဖို့ မသေချာပေမယ့် အကုသိုလ်ဖြစ်ဖို့ကတော့ သေချာတယ်လေ "
" တင်ပါ့ နောင်ကြီး---ဒါပေမယ့် စာမေးပွဲက ခဏတိုင်းကျနေတော့----"
" ကိုယ်နားလည်ပါတယ် ညီရာ၊ ဒါနဲ့ စာမေးပွဲကျတာ ဘယ်နှစ်နှစ်ရှိပြီလဲ "
" တပည့်တော် လေးနှစ်ရှိပြီ နောင်ကြီး "
" အာ---စာမေးပွဲလေးနှစ်လေးကျတာနဲ့ လူထွက်ချင်စိတ်ပေါက်တာကိုး ကိုယ့်ညီရ၊ ကိုယ့်ညီလိုသာဖြင့် ဆယ်နှစ်လောက်ကျနေတဲ့သူတွေ ဘယ်နှယ့်လုပ်ကြမတုန်း"
" သူတို့ကို သူတို့ရဟန်းဒကာ၊ ဒကာမတွေက ဘာမှမပြောလို့နေမှာပေါ့ နောင်ကြီးရာ "
" ရဟန်းဒကာ ဒကာမတွေက ဘာမှမပြောလို့ ဆိုတာထက် သူတို့ကိုယ်တိုင်က ဒီဘဝမှာ ပျော်လို့နေတာက ပိုများပါတယ်ကိုယ့်ညီရ "
"----------------"
"ဟို---'စာမေးပွဲဘယ်အဆင့်နဲ့အောင်ရင် ဘယ်လောက်လှူမယ်' ဆိုတဲ့ရဟန်းဒကာမျိုး၊ 'တို့ကိုယ်တော်က စာမေးပွဲခဏခဏကျနေတာ၊ လှူရတာမတန်ပါဘူး' ဆိုတဲ့ရဟန်းဒကာမျိုးတွေကိုတော့ ကိုယ်လည်းသဘောမကျပါဘူး "
" တင်ပါ့ "
" ဒါပေမယ့် ရဟန်းဒကာတွေအတွက် မျှော်လင့်စရာဆိုလို့
" တို့ရဟန်း၊ တို့ကိုယ်တော် စာမေးပွဲအောင်တယ်"ဆိုတဲ့ ဂုဏ်လေးပဲရှိတာ မဟုတ်လား၊ သူတို့လည်း လောကီလူသား ဆိုတော့ ဂုဏ်လေးတော့ လိုချင်တာပေါ့ ကိုယ့်ညီရာ၊ ဒါပေမယ့်----"
" တပည့်တော်က အဲ့ဒီလို သူတို့ဂုဏ်တက်အောင် လုပ်မပေးနိုင်လို့ မျက်နှာပူတာပေါ့ နောင်ကြီးရ "
" အေး---ကိုယ့်စကားကမဆုံးသေးဘူး ကိုယ့်ညီ၊ ကိုယ့်ရဟန်း စာမေးပွဲအောင်လို့ရတဲ့ဂုဏ်ထက်၊ တစ်သက်လုံး 'ရဟန်းဒကာ၊ ရဟန်းဒကာမ' ဖြစ်ရတာက ပိုဂုဏ်ယူစရာမကောင်းဘူးလား ကိုယ့်ညီ"
" ----------------"
" အေး---စာမေးပွဲကျလို့ဆိုပြီး ကိုယ့်ကိုရင် ကိုယ့်ရဟန်းကို လှူဒါန်းထောက်ပံ့မှုဖြတ်ပစ်လိုက်တဲ့ ရဟန်းဒကာ၊ ရဟန်းဒကာမတွေကို ကိုယ်တွေ့ဖူးတယ်ကွ "
" တင်ပါ့ "
" စာလည်းမကြိုးစားလို့၊ ရဟန်းဘဝမှာလည်း ကောင်းကောင်းမနေလို့၊ လှူဒါန်းထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုလည်း ဂုဏ်သိက္ခာကျစေလို့ လှူဒါန်းထောက်ပံ့မှု ဖြတ်လိုက်တာမျိုးကို အပြစ်မဆိုသာပေမယ့်-------
အချို့ရဟန်းဒကာ၊ ဒကာမတွေကျတော့ စာမေးပွဲကျရုံနဲ့ သူတို့မျက်နှာမရလို့၊ ဂုဏ်ငယ်လို့ လှူဒါန်းထောက်ပံ့မှု ဖြတ်လိုက်တာမျိုးလုပ်တတ်ကြတယ်"
" အဲ့ဒီတော့---နောင်ကြီးပြောချင်တာက "
" အင်း---ပုံမှန်ကြိုးစားနေပါလျက်နဲ့ စာမေးပွဲကျလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လှူဒါန်းထောက်ပံ့မှုမခံရတော့တဲ့ စာသင်သားတစ်ပါးရဲ့စိတ်ဓာတ်ဟာ ဘယ်လိုဖြစ်သွားနိုင်သလဲ စဉ်းစားကြည့်"
" တင်ပါ့ "
" အဲ့ဒီစာသင်သားဟာ "သူတို့မလှူလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာမယ်ကွာ"ဆိုတဲ့ စိတ်မျိုးဝင်သွားပြီး သူ့အခက်အခဲတွေကို ဖြေရှင်းဖို့ကြိုးစားမှာပဲ၊ အင်း---ဖြေရှင်းဖို့ကြိုးစားတဲ့နည်းလမ်းဟာ မှန်ကန်ရင်တော့ တော်တော်ရှိရဲ့၊ နည်းမှား,လမ်းမှားတွေလုပ်မိရင်တော့-----"
" သွားပြီပေါ့ နောင်ကြီးရာ၊ အခန့်မသင့်ရင် လူတောင်ထွက်သွားနိုင်တယ် နော် "
" အေးပေါ့---လူထွက်သွားတာနဲ့ သူ့ရဟန်းဒကာ ဒကာမတွေလည်း ရဟန်းဒကာ ဒကာမဆိုတဲ့ ဂုဏ်လည်း ဆုံးရှုံးပြီပေါ့---နောက်ထပ်ရဟန်း တစ်ပါးထပ်ရှာ၊ ရဟန်းခံပြီး ရဟန်းဒကာခံယူဖို့ ဆိုတာ ကျတဲ့စာမေးပွဲပြန်ဖြေရတာလောက် မလွယ်ဘူး ကိုယ့်ညီ၊ အေး---လွယ်တယ်ထားဦး--ဘယ်စာသင်သားမှ "ရဟန်းဘဝမှာမြဲမယ်၊ စာမေးပွဲတွေ တစ်နှစ်တစ်တန်းအောင်ပါ့မယ်"လို့ အာမ မခံဘူးကွ "
" တင်ပါ့ ဟုတ်တယ်ဘုရာ့၊ အင်း စာသင်သားဘဝဒုက္ခကလည်း မလွယ်ဘူးနော် နောင်ကြီး "
" ဟုတ်တယ်၊ ကိုယ်လည်း စာသင်သားဘဝ ဖြတ်သန်းဖူးလို့ ကိုယ်ချင်းစာ နားလည်ပါတယ်၊ ဒါပေမယ့် စာသင်သားတွေရဲ့ဒုက္ခဟာ လယ်ထွန်၊ ကောက်စိုက်၊ စပါးရိတ်၊ ပန်းရံလုပ်၊ လက်သမားလုပ်တာမျိုးတွေနဲ့ယှဉ်လိုက်ရင်တော့ ဖြေသာမှာပါ၊ နောက်ပြီး ကိုယ်တို့မှာ လူမှုရေးဒုက္ခ ရှိကောင်းရှိနိုင်ပေမယ့် လူတွေလောက်မများဘူး၊ မရှုပ်ထွေးဘူးဆိုတာကိုတော့ လက်ခံတယ်မဟုတ်လား "
" တင်ပါ့ အဲ့ဒါတော့ လက်ခံပါတယ်"
" အေးကွာ---ကိုယ်ကလည်း ဟိုပြော ဒီပြောနဲ့ လေကြောရှည်နေလိုက်တာ၊ အဓိကပြောချင်တာကတော့ ကိုယ့်ညီမှာ ဦးတည်ချက်တစ်ခုခုထားပြီး အလုပ်တစ်ခုခုကို လုပ်နေရင် လူထွက်ချင်စိတ်မပေါက်ပါဘူး"
" ဘယ်လိုဦးတည်ချက်လဲဘုရာ့ "
" ဥပမာကွာ---ကိုယ်ညီက စာမေးပွဲ ခဏခဏကျနေလို့ စာမလိုက်နိုင်တော့ဘူးထားပါတော့၊ ဘာသာစကားလေ့လာတာတို့၊ ကွန်ပျူတာသင်တန်း တက်တာတို့၊ တက္ကသိုလ်တစ်ခုခုမှာ တက်တာမျိုးတို့ အခြားတစ်ခုခုကို ပြောင်းစဉ်းစားကြည့်ပေါ့"
"-----------------"
" ဘာမှမလုပ်ဘဲ စိတ်အား၊ လူအားဖြစ်နေရင် လူထွက်ဖို့ပဲ စဉ်းစားနေမိတတ်တယ်၊ တစ်ခုခုထဲကို အာရုံနှစ်ထားလိုက်ရင် စိတ်ကိုအလုပ်ပေးထားတော့ အခြားအကြောင်းတွေ မစဉ်းစားမိတော့ဘူးပေါ့ကွာ "
" အင်း---နောင်ကြီးပြောတာနဲ့ တပည့်တော်ရဲ့ လူထွက်ချင်စိတ်လေးတောင် အတော်ဝေဝါးသွားပြီ"
" ဝေဝါးရုံတင်မကဘဲ၊ လုံးဝပျောက်သွားတယ်ဆိုရင် ကိုယ်ဝမ်းသာမိမှာပါ၊ နောက်ပြီး အခုပြောနေတာတွေဟာ ကိုယ့်ညီလူထွက်ချင်တာကို တားတာမဟုတ်ဘူး၊ မထွက်ခင် စဉ်းစားဖို့ပြောပြတာပါ"
" တင်ပါ့ စဉ်းစားပါ့မယ်ဘုရာ့ "
" စဉ်းစားပါကွာ၊ မရေရာတဲ့အကြောင်းပြချက်တွေ၊
မသေချာတဲ့အနာဂတ်တွေအတွက်နဲ့တော့ တန်ဖိုးရှိတဲ့ဘဝတစ်ခုကို အလွယ်တကူမစွန့်လွှတ်လိုက်ပါနဲ့ ကိုယ့်ညီ၊ အတူနေတဲ့ ကိုယ်တို့လည်း နှမျောသလို ကိုယ့်ညီကိုကြည့်ပြီး ကြည်နူးနေတဲ့သူတွေလည်း ဝမ်းနည်းကြမှာပါ "
"-------------------"
"နောက်ဆုံးပြောချင်တာကတော့ ဒကာ ဒကာမအများစုက နားလည်အောင်ရှင်းပြရင် နားလည်မှုပေးကြပါတယ်၊ ဒါပေမယ့် သူတို့ပေးတဲ့ နားလည်မှုတွေကို အခွင့်ရေးယူပြီး ဖြစ်သလိုမနေမိဖို့တော့လိုတာပေါ့ ကိုယ့်ညီရာ "
" တင်ပါ့---အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ် နောင်ကြီး "
" ရပါတယ်ကွာ၊ ကိုယ့်ညီရဲ့ဆုံးဖြတ်ချက်သာ မှန်ကန်ပါစေလို့ ဆန္ဒပြုပါတယ် "
အရှင်ကောသလ္လ(ရေဦး)
၂၃၊ ၆၊ ၂၀၁၆။
Friday, 10 June 2016
အကျိုးသက်ရောက်မှုရှိသော နယ်နိမိတ် စည်းရိုးကာရံခြင်း
■ အကျိုးသက်ရောက်မှုရှိသော နယ်နိမိတ် စည်းရိုးကာရံခြင်း ■
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကမ္ဘာပေါ်တွင် နိုင်ငံများ၏ နယ်နိမိတ်အပိုင်းအခြားများကို သတ်မှတ်ပြီး မိမိနိုင်ငံ၏ လုံခြုံရေး အပါအဝင် နိုင်ငံ၏မူဝါဒများ၊ ကူးလူးဆက်ဆံမှုများနှင့် ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများ အစရှိ သည် တို့ကို ကာကွယ် ထိန်းသိမ်း လျက်ရှိကြသည်။
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိစပ်နေသော နယ်နိမိတ်များတွင် အချုပ် အခြာ အာဏာလွတ်ကင်းမှု၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းများနှင့် ဒုစရိုက်မှု များ ပေါများ တတ်သည်ကို ခေတ်အဆက်ဆက် လေ့လာတွေ့ ရှိနိုင်သည်။ နိုင်ငံများတွင် နယ်နိမိတ်ကို စည်းရိုးကာရံခြင်းမှာ စည်းရိုးများသည် အဆိုပါ အားနည်းချက်များကို ဖြေရှင်းလိုကြ၍ ဖြစ်သည်။
အရေးကြီးသော လုပ်ငန်းစဉ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ်ချင်း ထိစပ်နေကြသော နိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စစ်ရေး၊ နယ်နိမိတ်ပိုင်ဆိုင်မှုပြဿနာ အစရှိသည့် အရေးပေါင်းများစွာ ပတ်သက် ဆက်နွယ်မှု ရှိနေသဖြင့် နယ်နိမိတ် စည်းရိုး သတ်မှတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးသော လုပ်ငန်း စဉ်ဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံအများစုက လက်ခံယုံကြည်ထားကြသည်။
ကမ္ဘာပေါ်တွင် မိမိနိုင်ငံ၏ နယ်နိမိတ်အပိုင်းအခြားများကို လုံခြုံစိတ်ချမှု ရှိစေရေးအတွက် နယ် နိမိတ်ခြံစည်းရိုးများခတ်ခြင်း နိုင်ငံသူ/နိုင်ငံသားများ၏ စိတ်ခံစားမှုကို လုံခြုံမှုပေးနိုင် ရန် ဆောင်ရွက် ခဲ့ကြသော နိုင်ငံများစွာရှိသည်။ ထိုသို့ နိုင်ငံ၏ နယ်နိမိတ်ကို စည်းရိုးများ ကာရံခြင်းကြောင့် ကုန်ကျ ရသည့်စရိတ် တန်ဘိုးများထက် မိမိနိုင်ငံသားများ၏ လုံခြုံရေးနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာအပေါ် ယုံကြည်မှုကို ဦးစားပေးကြသော နိုင်ငံများစွာ ရှိနေကြောင်း လေ့လာ တွေ့ရှိ ရသည်။
နိုင်ငံပေါင်း ၇၂ နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင် နိုင်ငံနယ်နိမိတ်များကို ခြံစည်းရိုးများကာရံပြီး မိမိတို့ နိုင်ငံများ၏ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စများ ကို ဖြေရှင်းဆောင်ရွက်နေကြသော နိုင်ငံများစွာ ရှိသည်။ ယင်းသို့ မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံနယ်နိမိတ် ခြံစည်းရိုး ကာရံ ဆောင်ရွက်မှုများမှာ အာရှတိုက်တွင် (၂၃) နိုင်ငံ၊ အာဖရိကတိုက်တွင် (၁၃)နိုင်ငံ၊ ဥရောပတိုက်တွင် (၁၇)နိုင်ငံ၊ တောင်အမေရိကတိုက်တွင် (၁၂)နိုင်ငံနှင့် မြောက် အမေရိကတိုက်တွင် (၇) နိုင်ငံ စုစုပေါင်း (၇၂) နိုင်ငံရှိကြောင်းကို The Economist မဂ္ဂဇင်းကြီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် စုစည်းဖော်ပြခဲ့သည်။
အဆိုပါ သတင်းအချက်အလက်အဖွဲ့၏ ဖော်ပြမှုတွင် ကမ္ဘာပေါ်ရှိ နယ်နိမိတ်ခြံစည်းရိုးများ ကာရံကြသော နိုင်ငံများတွင် စတင် အခြေတည် ဖြစ်ပေါ်သည့် နိုင်ငံများကို လည်း ဖော်ပြ ထားသည်။ ထိုသို့ စတင်အခြေ တည်ဖြစ်ပေါ်သော နိုင်ငံများမှာ စုစုပေါင်း (၃၄)နိုင်ငံအထိ ရှိသည်။
နယ်နိမိတ် ခြံစည်းရိုး အများဆုံးကာရံသောနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင် နယ်နိမိတ် ခြံစည်းရိုးအများဆုံး ကာရံနေသော နိုင်ငံမှာ ဘရာဇီးလ်နိုင်ငံဖြစ် ပါသည်။ ဘရာဇီးလ် နိုင်ငံသည် ဘိုလီဗီးယား၊ ပါရာဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဖရန့်ဂူရီယာနာ၊ ဂူယားနား၊ ပီရူး၊ Suriname၊ ဥရုဂွေး၊ ဗင်နီဇွဲလား အစရှိသော နိုင်ငံပေါင်း (၁၀)နိုင်ငံနှင့် နယ်နိမိတ် ခြံစည်းရိုးကာရံမှုကို ၂၀၀၇ ခုနှစ်တွင် ဘိုလီဗီးယားနှင့် ပါရာဂွေး တို့နှင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျန်(၈)နိုင်ငံနှင့် ခြံစည်းရိုး ကာရံမှု ကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ ဘရာဇီးလ်နိုင်ငံအနေဖြင့် အဆိုပါ(၁၀)နိုင်ငံ ခြံစည်းရိုးကာရံရခြင်း၏ အဓိက အကြောင်းအရင်းမှာ တရားမဝင်ရွေ့ပြောင်း သွား လာမှုနှင့် တရားမဝင် ကုန်သွယ်မှုများကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ခြံစည်းရိုးကာရံပြီးနိုင်ငံများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုး ကာရံပြီးဖြစ်သော နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စုနှင့် ကျူးဘား (၁၉၆၄)၊ ဘော့စ်ဝါနာနှင့် ဇင်ဘာဘွေ (၂၀၀၈)၊ တောင်အာဖရိကနှင့် မိုဇမ်ဘစ်ကျူ(၁၉၇၅)၊ မော်ရိုကိုနှင့် အနောက်ဆာဟာရ (၁၉၈၇)၊ အယ်လ်ဂျီးရီးယားနှင့် မော်ရိုကို (၁၉၆၂)၊ စပိန်နှင့် မော်ရိုကို (၂၀၀၅)၊ အီဂျစ်နှင့် ဂါဇာ ကမ်းမြှောင်ဒေသ (၂၀၀၉)၊ ဗြိတိန်နှင့် ပြင်သစ်(၂၀၁၅)၊ ဆွီဒင်နှင့် ဒိန်းမတ်(၂၀၁၅)၊ ဟန်ဂေရီနှင့် ဆားဗီးယား (၂၀၁၅)၊ ဘူလ်ဂေး ရီးယားနှင့် တူရကီ (၂၀၁၄)၊ ဂရိနှင့် တူရကီ (၂၀၁၂)၊ အီရန်နှင့် ပါကစ္စတန် (၂၀၁၁)၊ အီရန်နှင့် အီရတ်(၂၀၁၅)၊ ဆော်ဒီအာရေဗျနှင့် ယီမင် (၂၀၀၄)၊ ဆော်ဒီ အာရေဗျနှင့် အီရတ်(၂၀၁၄)၊ အိန္ဒိယနှင့် ပါကစ္စတန် (၂၀၀၄)၊ တရုတ်နှင့် မြောက်ကိုရီးယား (၂၀၁၂)၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား (၁၉၇၉)၊ ထိုင်းနှင့် မလေးရှား (၂၀၁၃) တို့ဖြစ်ကြသည်။
နိုင်ငံနယ်နိမိတ်များတွင် ခြံစည်းရိုးကာရံမည်ဟု ကြေညာထားပြီး လုပ်ငန်း စတင် ဆောင်ရွက် နိုင်ခြင်း မရှိသေးသော နိုင်ငံများမှာ မက္ကဆီကိုနှင့် ဂွာတီမာလာ၊ ဘရာဇီးနှင့် အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဖရန့်ဂူရီယာနာ၊ ဂူယားနား၊ ပီရူး၊ Suriname၊ ဥရုဂွေး၊ ဗင်နီဇွဲလား၊ နမီးဗီးယားနှင့် အန်ဂိုလာ၊ ကင်ညာနှင့် ဆိုမာလီယာ၊ အယ်လ်ဂျီးရီးယားနှင့် လစ်ဗျား၊ အက်စတိုး နီးယားနှင့် ရုရှား၊ လတ်ဗီးယားနှင့် ရုရှား၊ သြစတြီးယားနှင့် စလိုဗေးနီးယား၊ အီတလီ၊ ဟန်ဂေရီနှင့် ရိုမေးနီးယား၊ ခရိုအေးရှား၊ ယူကရိန်းနှင့် ရုရှား၊ အီရန်နှင့် တူရကီ၊ ဆော်ဒီ အာရေဗျနှင့် ကာတာ၊ ပါကစ္စတန်နှင့် အာဖကန် နစ္စတန်၊ အိန္ဒိယနှင့် မြန်မာ၊ ဘူတန်၊ မလေးရှားနှင့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်း စသည် တို့ဖြစ်ကြသည်။
အိန္ဒိယနှင့် မြန်မာ နယ်နိမိတ်ခြံစည်းရိုးကာရံမှုဆောင်ရွက်မည်ဟု ၂၀၀၃ ခုနှစ်တွင် စတင်ကြေညာခဲ့ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ် နိမိတ်ခြံစည်းရိုးကာရံခြင်းကိုမူ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဆောင်ရွက်လျက်ရှိသော်လည်း ပြီးစီးခြင်း မရှိသေးကြောင်း The Economist မဂ္ဂဇင်းကြီးက ဖော်ပြထားသည်။
ခြံစည်းရိုးကာရံရသည့် အကြောင်းရင်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ် ခြံစည်းရိုးများကာရံခဲ့ကြသောနိုင်ငံများနှင့် ကာရံမှုဆောင်ရွက်နေဆဲနိုင်ငံများတွင် မည်သည့်အကြောင်းအရင်းများကြောင့် နယ်နိမိတ်ခြံစည်းရိုးများ ကာရံကြသည် ကို လေ့လာကြည့်ရာ အဓိကအခြေခံ အကြောင်းအရင်းများမှာ တရားမဝင် ရွှေ့ပြောင်းသွား လာမှုနှင့် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး ကိစ္စများ၊ နယ်မြေပိုင်ဆိုင်မှုနှင့် အငြင်းပွားမှုများ၊ လုံခြုံရေး ပဋိပက္ခကိစ္စရပ်များနှင့် နယ်စပ် ဖြတ်ကျော် ရောဂါကူးစက်မှု လျော့ချရေးတို့ အတွက် ဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံများ နယ်နိမိတ်ခြံစည်းရိုး ကာရံခြင်းများအပြင် နောက်ဆက်တွဲ လုပ်ဆောင်မှုများအဖြစ် နယ်စပ်ခြံစည်းရိုးများတွင် လျှပ်စစ်များလွှတ်ထားခြင်း၊ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခြင်း၊ အချက်ပြ ကိရိယာများတပ်ဆင်ထားခြင်း၊ ကင်းလှည့်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စောင့်ကြည့်ခြင်း နှင့် တစ်ခါတစ်ရံ မြေမြှုပ်မိုင်းများ ထားရှိခြင်းတို့ ကို ဆောင်ရွက်နေကြသည်ကို ကြားသိရပါသည်။
အကျိုးသက်ရောက်မှု
▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ် ခြံစည်းရိုးများဖြင့် ကာကွယ်ထားသည့်စနစ်မှာ ပြိုင်ဘက်ကင်းပြီး လုပ်ဆောင် သင့်သော နည်းလမ်းများဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအများစုက လက်ခံယုံကြည် ထားကြသည်။ နိုင်ငံရေးစနစ်၊ နိုင်ငံခြားရေး မူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်း၊ လူ့အခွင့်အရေးသဘောထား အမြင်များအပြင် နိုင်ငံတစ်နိုင်ငံ၏ အခြားသော အရေးကိစ္စများ အပေါ်တွင်လည်း နယ်နိမိတ်ခြံစည်းရိုးကာရံခြင်းက အကျိုးသက်ရောက်မှုရှိကြောင်း နားလည် လက်ခံထားကြသည်။
နယ်နိမိတ်စည်းရိုးကာရံမှုများတွင် မိမိနိုင်ငံ၏ အရပ်မျက်နှာ အားလုံးကို ခြံစည်းရိုး ခတ်ကာရံသော နိုင်ငံမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးလှသည်။ ခြံစည်းရိုးခတ် ရသည့် နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးကိစ္စရပ်များအတွက်ကြောင့် သာအဓိက ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။ နိုင်ငံများ အလိုက် နယ်နိမိတ် ခြံစည်းရိုး ကာရံကြခြင်းဖြင့် မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာ များကိုလည်း ကြိုတင် ဖြေရှင်းဆောင်ရွက် ထားပြီးသားဖြစ်ကြောင်း လက်ခံနားလည် ထားကြသည်။
ကမ္ဘာပေါ်တွင် နိုင်ငံနယ်နိမိတ်ခြံစည်းရိုး ကာရံထားသော နိုင်ငံများ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေး တို့ကို လေ့လာ ဆောင်ရွက် စောင့်ကြည့်ပြီး သုံးသပ်လျက် ရှိနေကြပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။
ပြန်လည်မျှဝေခြင်း
Kuantan Min Yar Zar
Wednesday, 8 June 2016
မြန်မာအတက် စင်္ကာပူအကွက် သတိရှိလော
မြန်မာအတက် စင်္ကာပူအကွက်
-----*------*------*------*-----
စင်္ကာပူ PM လီရှန်လုံး မြန်မာပြည်ရောက်လာတော့ အချို့က မာနတံခွန်ထူပြီး မြန်မာကွလို့ အတွန့်တက်ကြတာတွေ့ရတယ်။
လီရှန်လုံးကပဲ သူ့နိုင်ငံစီးပွားရေးကျလို့ အောက်ကျို့လာခံတာလိုလို ပြောကြတာလည်းတွေ့ရတယ်။
တကယ်တော့ လီရှန်လုံး မလာခင်ကတည်းက စင်္ကာပူ စီပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်မှာ ခြေချင်းလိန်နေပြီးသား ဖြစ်ကုန်ကြပါပြီ။
ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ Fashion နဲ့ Hotel လုပ်ငန်းကြီးတွေမှာ စင်္ကာပူလူမျိုး နဲ့ အခြားနိုင်ငံခြားသားများပါ အလုအယက် နေရာဝင်ယူနေကြပါတယ်။
လုပ်ငန်းကြီးတစ်ခု ဝင်လာတိုင်း Management နဲ့ အုပ်ချုပ်ရေးပိုင်းမှာ သူတို့နိုင်ငံသားတွေကို ထည့်ထားပြီး အခြေခံဝန်ထမ်းတွေက မြန်မာတွေလုပ်ရတယ်။
မြန်မာတွေ စင်္ကာပူကိုသွားရင် မြန်မာတွေက သာမာန်ဝန်ထမ်း လုပ်ရပြီး Management နဲ့ အုပ်ချုပ်မှုပိုင်းကို သူတို့လူမျိုးထည့်တာပါပဲ။
ပြောချင်တာက လီရှန်လုံး မြန်မာပြည်လာတာ ခေါင်းငုံ့ဖို့ မဟုတ်ပဲ ခေါင်းပုံဖြတ်ဖို့ အကြံနဲ့လာတာပဲ ဖြစ်ဖို့များတယ်ဆိုတာပါပဲ။
မြန်မာကို စင်္ကာပူလို ဖြစ်အောင်လုပ်မယ်လို့ ယခင်ဝန်ကြီးတွေ ကြွေးကြော်ဖူးကြတယ်။
တကယ်တန်းမှာ ရန်ကုန်ကို စင်္ကာပူလို ဖြစ်အောင် တကယ်လက်တွေ့ လုပ်နေတာ မြန်မာအစိုးရမဟုတ်ဘဲ
စင်္ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်တိုင် ဖြစ်နေတယ်။
ဆောက်လုပ်ရေးလောကကို သုံးသပ်ကြည့်ရရင် လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာ စင်္ကာပူ လုပ်ငန်းရှင်တွေပါဝင်နေပြီး စင်္ကာပူက စံချိန်စံနှုန်းတွေကို အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေတာပါ။ ဥပမာ Developer က စင်္ကာပူ၊ Consultant စင်္ကာပူ၊ Contractor စင်္ကာပူ၊ Sub contractor စင်္ကာပူ၊ Material Suppilers စင်္ကာပူ၊ Singapore Standard/Code,
Managers စင်္ကာပူနိုင်ငံသား၊ HR/Account/QS Singapore.
မြန်မာပြည်မှာ တိတိကျကျ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ မရှိဘူး။
Technical Knowledge ပြည့်ဝတဲ့ Professional တွေ မရှိဘူး။
အဆင့်မှီတဲ့ Contractor တွေမရှိဘူး။
နိုင်ငံတကာကို ဆက်သွယ်မှာယူနိုင်တဲ့ ပစ္စည်း Supplier တွေမရှိဘူး။
ယုံကြည်စိတ်ချရတဲ့ ဥပဒေ မရှိဘူး။
အဲလိုပြောရင် မြန်မာတွေ ကိုနှိမ်လို့ဆိုပြီး စိတ်ဆိုးသူတွေ ရှိမှာပါ။
လက်တွေ့ စမ်းကြည့်ပါ။
စင်္ကာပူ Main con မှာ မြန်မာ Sub con က တင်ဒါ ဝင်ကြည့်ပါ။ ဒါဆို ကိုယ်တိုင်သဘောပေါက်လာမှာပါ။
မတတ်မသိတဲ့ လူတွေကြားထဲ အသာစီးကနေရာယူသွားတာ စင်္ကာပူလူမျိုးတွေပါ။
အချို့ဆိုရင် အခိုင်အမာ အခြေချထားပြီး နှစ်စဉ် Plan ရေးဆွဲအကောင်အထည် ဖေါ်နေကြပြီ။
လီရှန်လုံး မြန်မာပြည်ကိုလာပြီး နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လုပ်သွားတာဟာ သူတို့နိုင်ငံသားတွေရဲ့ ဝင်ထွက်သွားလာမှုလွယ်ကူအောင် ဖန်တီးသွားတာပါ။
မြန်မာပြည်ရောက် စင်္ကာပူလူမျိုးတွေဟာ လုပ်ငန်းဗီဇာဟာ ၃ လ တစ်ကြိမ်တိုးရတယ်။ မြန်မာအစိုးရက မျက်စိနောက်လာလို့ တိုးမပေးတော့တဲ့ တစ်နေ့ အထုတ်ပိုက်ပြီးပြန်ရမှာပါ။
အဲလိုအခြေအနေထိ မရောက်အောင် နှစ်နိုင်ငံ ဆက်ဆံရေး အဆင်ပြေအောင် လုပ်ထားရတာပေါ့ဗျာ။
'မြန်မာအတက် စင်္ကာပူအကွက်' လို့သာ ပြောရတော့မလို ဖြစ်နေပါပြီ။
Credit
ကေအေကေ
08-06-2016
ပြန်လည်မျှဝေခြင်း
Kuantan Min Yar Zar
Subscribe to:
Posts (Atom)